မြင့်မြတ်တဲ့သူရဲကောင်းတွေပြန်လာပြီ



















မြင့်မြတ်တဲ့သူရဲကောင်းတွေပြန်လာပြီ

ကိုခိုင်


“ ကြား ” နေမိတာက...
“ နဂါးနီ ”  နဲ့  “ စည်ဗြောသံဝေ ”  ။

ကြီးမြတ်တဲ့ သူတို့ အတွက် ...
ဂုဏ်ပြု တန်ဆာဆင်မဲ့ စကားလုံးတွေကတောင်
တောက်ပြောင်အောင် လိုက်မမှီနိုင်ခဲ့ ကြစေသူတွေ ။

ကျောင်းနံရံတဝိုက်
ဒေါင်းအလံပြန်စိုက်မဲ့
မောင်းပြန် မကြောက်တဲ့သူတွေ ။

(မကြာသေးခင်က)
အတိတ် ငရဲခန်းတခွင်မှာ
မဖိတ်မစင်ခဲ့တဲ့ ဇာမဏီဌက်လို လူတွေ ။

စစ်အာဏာရှင် မှိုင်း
သံမဏိတံတိုင်းတွေကို
( နှစ်ရှည်လများ)
ခေါင်းနဲ့တိုက်ခဲ့ကြသူတွေ ။

ငြိမ်းချမ်းရေးအတွက်..
အမိနိုင်ငံအတွက်..
ပြည်သူတွေအတွက်..
မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်တွေ ။

သူတို့တွေ...
သူတို့တွေ...
မျိုးဆက်သစ်ခေါင်းဆောင်တွေ...
အနာဂါတ်ခေါင်းဆောင်တွေ...
မြင့်မြတ်တဲ့ သူရဲကောင်းတွေ ။              ။

(မြန်မာနိုင်ငံ အမြန်ငြိမ်းချမ်းပါစေ။)

ကိုခိုင်
၂၁း၃၃
၁၄.၁.၂၀၁၂

သမတကြီးကိုပြောပေးပါ။

သမတကြီးကို ပြောပေးပါ။

ကိုခိုင်


ကိုမင်းကိုနိုင်နှင့်တကွ ကျောင်းသားခေါင်းဆောင်များ ကျောင်းသူခေါင်းဆောင်များ
နိုင်ငံရေးအကျဉ်းသား တော်တော်များများကို လွှတ်ပေးလိုက်တဲ့အတွက်
အထူးပင် ကျေးဇူးတင်ရပါကြောင်းးးး

ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ ကိုလည်း
မကြာခင် လွှတ်ပေးမည်ဟု မျှော်လင့်မိပါကြောင်းးး

တလက်စတည်း ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
ဆိုတာကြီးကိုပါ အဝေးဆုံးသို့ လွှင့်ပစ် သို့တည်းမဟုတ်
မီးရှို့လိုက် စေလိုပါကြောင်းးး

ကာ-ချုပ် အပြင်သွားတုံးလေး အမြန်လုပ်လိုက်စေလိုပါကြောင်းးး
အဆိုပါ နာဂစ် ဥပဒေကို ဖျက်သိမ်းကြောင်းကြေငြာလိုက်ပါက
နောင်လာမည့် ဒီမိုကရေစီ ပညာရေးစနစ်တွင်
သမတကြီး၏ အကြောင်းကို တက္ကသိုလ် သင်ရိုးညွှန်းတန်းတွင်
ထည့်သွင်း ဖေါ်ပြပေးပါမည် ဖြစ်ပါကြောင်းးး

လူ များ သာဓုခေါ် နေချိန်တွင်
နတ် များပါ သာဓု ခေါ်ဆိုလာနိုင်ရန် အလားအလာ
များစွာရှိပါကြောင်းးး


(မြန်မာပြည် အမြန် ငြိမ်းချမ်းပါစေ။)


ကိုခိုင်
၁၃-၁-၂၀၁၂
၂၂း၅၀

အသွင်တူပေမဲ့ အဆင်မတူစေချင်ပါ

အသွင်တူပေမဲ့ အဆင်မတူစေချင်ပါ

ကိုခိုင်

သူတို့နှစ်ယောက်ဟာ ပြောင်တဲ့နေရာမှာ ( နဖူးရော၊ မျက်နှာရော ) တော်တော်
တူကြတယ်လို့ ၈၈-မျိုးဆက်တွေ ကြားမှာ ပြောဆိုနေကြသလို ပျော့ပျော့လေးနဲ့နံ အဲ .. လေသံပျော့ပျော့လေး နဲ့ပြောတတ်ကြတယ်လို့လဲ ပြောစမှတ် ဖြစ်နေပါတယ်။
သူတို့နှစ်ယောက်ကို မြန်မာပြည်က သတင်းစာမျက်နှာဖုံး တွေမှာ စာလုံးမဲကြီးတွေနဲ့
မကြာခဏ ဖေါ်ပြခြင်း ခံကြရ ပေမဲ့လည်း ခုချိန်ထိတရားစွဲခံရခြင်းမရှိ... အဲ ..
သွားမပျက် စားမပျက်ပါ။ သူတို့နစ်ယောက်ကတော့ သမတ တွေလို့ဆိုသူတွေပါ။
တဦးကတော့ မ.ဆ.လ စစ်အာဏာရှင်ရဲ့ လက်ညိုးထိုး ခန့်အပ်ခြင်း ခံရတဲ့   အရပ်သား
ဥပဒေ ပါရဂူ ဒေါက်တာမောင်မောင် ဆိုသူဖြစ်ပြီး ၊ နောက်တဦးကတော့ န.ဝ.တ စစ်အာဏာရှင်အဖွဲ့ထံကနေနောက်တဖန် စစ်တပ်ကပဲ အာဏာသိမ်းခဲ့ပြီး န.အ.ဖ
စစ်အာဏာရှင်အဖွဲ့ ဆိုပြီး နာမည်ပြောင်း ဖွဲ့ခဲ့တဲ့ စစ်အာဏာရှင်ရဲ့ လက်ညိုးထိုး
ခန့်အပ်ခြင်းခံရပြန်တဲ့ ဗိုလ်ချုပ်ကြီး (ဟောင်း) တဦးဖြစ်တဲ့ ဦးသိန်းစိန် ဆိုသူပဲ ဖြစ်ပါတယ်။


မြန်မာ့သမိုင်းမှာ အကြီးကြယ်ဆုံး အရေးတော်ပုံကြီး လို့ဆိုရမဲ့ ၈၈၈၈-အရေးတော်ပုံကြီးက ၂၆-နှစ်ကြာအောင် ပြည်သူတွေကို ညှင်းပန်းနိပ်စက် တိုင်းပြည်က သယံဇာတတွေကို
ခိုးဝှက် လုယက် ကြယုံ မက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်း ထဲကို ပို့ခဲ့တဲ့
စစ်အာဏာရှင်ကြီးကို ဖြုတ်ချနိုင်ခဲ့ကြပါတယ်။
အဲဒီ စစ်အာဏာရှင် ဗိုလ်နေဝင်းက သားသတ်သမားစိန်လွင် လို့ နာမည်ဆိုးနဲ့
ကြော်ကြားခဲ့တဲ့ ဗိုလ်စိန်လွင်ကို သမတ အဖြစ်ခန့်အပ်ခဲ့တဲ့ အချိန်ကစပြီး ဗိုလ်စိန်လွင်က
အပြစ်မဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီ တောင်းဆိုကြတဲ့ ရဟန်း ကျောင်းသား ပြည်သူ တွေကို
ရက်စက်စွာ ပစ်ခတ် သတ်ဖြတ် ဖမ်းဆီး နိပ်စက် ထောင်ချ ခဲ့ပေမဲ့ ၈၈-မျိုးဆက်များကြောင့် အရေးတော်ပုံကြီးဟာ ရပ်တံ့မသွားပဲ ပိုလို့တောင် နိုင်ငံအနှံ့မှာ ကြီးထွားလာခဲ့ ကြပါတယ်။ အဲဒါကြောင့်လည်း နောက်ကွယ်က ကြိုးဆွဲနေတဲ့ ဗိုလ်နေဝင်းဟာ အနုနည်းနဲ့ပြောင်းသုံးဖို့
အရပ်သား ဥပဒေပညာရှင် ဒေါက်တာမောင်မောင် ကို သမတ ရာထူးကို
လက်ညှိုးထိုး ခန့်အပ်ခဲ့ပါတယ်။


ဒေါက်တာမောင်မောင်

အဲဒီအချိန်က မြန်မာပညာရှင်တွေထဲမှာ ရှားပါးစွာရရှိထားတဲ့ ဥပဒေ ပါရဂူဘွဲ့ ပိုင်ရှင်
တယောက်ပါ။ လွန်စွာလည်းတော်သူ အရည်အချင်းရှိသူ တယောက်ပါ။ ဒါပေမဲ့ လူပေါင်း
မှားတဲ့အတွက် သေးသိမ် ညှိုးနွမ်းစွာနဲ့ ပြောက်ကွယ် သွားခဲ့ရပါတယ်။ ၂-၃-၁၉၆၂ 
စစ်အာဏာသိမ်းပြီး ၂၆-နှစ် အကြာမှာ သမတဖြစ်လာသူပါ။
သူ သမတ ဖြစ်လာချိန်ကစပြီး မာရှယ်လောတွေ ရုပ်သိမ်းခဲ့ပါတယ်။ အပစ်အခတ်တွေ
ရပ်စဲခဲ့ပါတယ်။ လူမြင်ကွင်း တော်တော် များများကလည်း တပ်တွေကို ဖယ်ရှားပြီး
တပ်တွေဖြောက်ထား စေခဲ့ပါတယ်။ အဲဒါတွေကြောင့်လည်း အထူးသဖြင့် ရန်ကုန်မှာတော့ တပ်မတော်သားတွေကို တွေ့ကြတာနဲ့ ပန်းစည်းဆက်ကြ တာတို့၊ ဆေးလိပ်နဲ့ စားကောင်း
သောက်ဖွယ် တွေပေးကြတာ လက်ခုတ်တီး အားပေးကြတာ တွေဟာ နေရာအနှံ့မှာ
ဖြစ်ခဲ့ပါတယ်။ တနည်းအားဖြင့် ပြည်သူများဟာ သဘောထားကြီးကြောင်း ၊ တပ်မတော်သား
တွေကို နားလည် ပါကြောင်း ၊ တပ်မတော်သားတွေနဲ့ ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်းချမ်းချမ်း
ပျော်ပျော်ရွှင်ရွှင် အတူတကွ နေလိုကြပါကြောင်း ပြသခြင်းလည်း ဖြစ်ကြပါတယ်။ 
ဒါပေမဲ့ ပညာတတ်တယောက်ရဲ့ ယုတ်မာမှုက မကြာခင်မှာ ရုပ်လုံး ပေါ်လာပါတော့တယ်။

သားသတ်သမား ဗိုလ်စိန်လွင် သမတဖြစ်တုံးက ည မထွက်ရ အမိန့် ထုတ်ထားခဲ့ပေမဲ့
နေ့ဖက် ဆိုရင် ဈေးသွားကြ ၊ ရုံးသွားကြ ၊ ဆိုင်ဖွင့်ကြနဲ့ အရောင်းအဝယ်
မပျက်သေးဖူးလို့ ဆိုရမှာပါ။ ပစ်ခတ်တာ ဆိုတာကလည်း ဆန္ဒပြတဲ့ အနီးပါတ်ဝန်းကျင်ပါ။
လသာ ဖက်မှာ ပစ်နေတယ်ဆိုရင် ကျောက်တံတားမြို့နယ်ဖက်မှာ အသွားအလာမပျက်ပါ။
ဆိုလိုချင်တာက ပြည်သူ အများကို တိုက်ရိုက်မထိခိုက် သေးဘူးလို့ ဆိုရမှာပါ။


ဒေါက်တာမောင်မောင်က စစ်အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်ပြီး ကိုယ့်ရပ်ကွက် ကိုယ်
အုပ်ချုပ်ကြဆိုပြီး လုပ်လိုက်ပြီးတဲ့ တချိန်တည်းမှာပဲ ဗိုလ်ခင်ညွန့် ဦးဆောင်တဲ့
စစ်ထောက်လှမ်းရေးကို အဖျက် လုပ်ငန်းတွေကို လူမဆန်စွာ လုပ်ခိုင်းခဲ့ ပါတော့တယ်။ စစ်ထောက်လှမ်းရေးတွေ အဆိပ်ခပ်ဖို့ ကြံစည်နေစဉ်မှာ ဖမ်းမိတယ်ဆိုတဲ့ သတင်းတွေ ၊
မီးကွင်းပစ်ဖို့ ကြံရွယ်စဉ် ဖမ်းမိတယ် ဆိုတဲ့သတင်းတွေ ၊ မသင်္ကာဖွယ်ရာ တွေ့လို့ဆိုပြီး
ဖမ်းခံကြရတဲ့ လူစိတ်ပျောက်နေတဲ့ သူတွေအကြောင်းတွေ ၊ သိမ်ကြီးဈေး အပါအဝင် ဈေး တော်တော်များများ အနီးမှာ စစ်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေက လမ်းဘေး
လောင်းကစားဝိုင်းတွေ ပေါ်လာအောင် လာလုပ်ကြလို့ နယ်မြေခံ လူငယ်တွေနဲ့
ကျောင်းသားတွေက ရိုက်လွှတ်လိုက်တဲ့ သတင်းတွေ ၊ နေရာအနှံ့ကနေ ကြားလာရသလို
တရပ်ကွက်နဲ့ တရပ်ကွက် အရေးတကြီးကိစ္စ မရှိပဲနဲ့ မသွားလာရဲ ကြတော့တဲ့
အခြေအနေတွေ ၊ နေ့ဖက် တနေကုန် ဆန္ဒပြကြပြီး ညဖက် ကိုယ့်ရပ်ကွက် ကိုယ်
ကင်းစောင့် ကာကွယ်ရတဲ့ အခြေအနေတွေဖြစ်အောင် ဖန်တီးပြီး တနိုင်ငံလုံး
၂၄-နာရီလုံး အထိတ်တလန့်နဲ့ ဖြစ်အောင် ဖန်တီးခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က
တနိုင်ငံလုံးက ပြည်သူများရဲ့ စည်းလုံးညီညွတ်မှုကို လွယ်လွယ်နဲ့ ဖြိုခွဲလို့ မရခဲ့ပါဘူး။
တနိုင်ငံလုံးအနှံ့ ဆန္ဒပြပွဲတွေမှာလည်း  ဆန္ဒပြသူများက မ.ဆ.လ အလံတွေ
ဇောက်ထိုးထောင်ကြ ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်တွေကို ဟောပြောပွဲ စင်မြင့်တွေ
ပေါ်မှာပဲ ခြေထောက်နဲ့နင်းပြကြနဲ့ ဖြစ်ကုန်ကြပါတယ်။ အဲဒီအချိန်က ခေတ်အစားဆုံး
ကြွေးကြော်သံ တခုကတော့ ...
“ နဖူး ပြောင်ပြောင် ဦးမောင်မောင် ၊ အရူးထောင်ကို ပို့လိုက် ပို့လိုက် ” ဆိုတာပဲ
ဖြစ်ပါတယ်။ အဲဒီလို ကြွေးကြော်သံတွေကို အဲဒီအချိန်က သမတ တာဝန် ယူနေရတဲ့
သရုပ်ဆောင် ဇာတ်လိုက်ကြီး ဒေါက်တာမောင်မောင်လည်း ကြားပုံရတယ်လို့
ယူဆရမှာပါ။ နေ့စဉ် ရက်ဆက်ဆိုတော့ ဇာတ်လိုက်ကြီးလည်း မခံနိုင်တော့ဘူးနဲ့ တူပါရဲ့
မြန်မာ့အသံနဲ့ မြန်မာ့ရုပ်မြင်သံကြား ကနေ မျက်နှာကြီး ထွက်ပြပါတော့တယ်။ လူကြီး
လူငယ် အကုန်လုံး ရုပ်မြင်သံကြား တွေရှေ့မှာထိုင်ပြီး ဝေဖန်ကြ သုံးသပ်ကြနဲ့ပေါ့။
များသောအားဖြင့်တော့ ဇာတ်လိုက်ကြီးက ကင်မရာကို မကြည့်ပဲ အသင့် ရေးထားတဲ့
စာရွက်မှာ သူဖတ်ရမဲ့ စာသားတွေကိုဘဲ လေသံပျော့ပျော့ လေးနဲ့ သနားစဖွယ်
ဖတ်ပြပါတယ်။ “ မစောင့်နိုင် ကြ..တော့..ဘူး..လား ၊ အေးချမ်းသာယာ တဲ့ တနေ့မှာ
ကျွန်တော်တို့ အားလုံးးး ပျော်ပျော် ပါးပါး ကြီး အတူတကွ ကျောင်းသားသမဂ္ဂ ကို
အုတ်မြစ် ချကြ ရအောင် ” လို့ ပြောတဲ့ အချိန်မှာ ဖွါးဖွါး တချို့က သူ့ရဲ့ သနားစဖွယ်
အသံနဲ့ အမူအယာကြောင့် ခေါင်း တငြိမ့်ငြိမ့်နဲ့ ဖြစ်နေချိန်မှာ လူငယ်တွေ
ကြားမှာတော့ “ ကြောင်ချီး ” ဆိုပြီး အသံထွက်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ တနေရာ
အရောက်မှာ ...“ နိုင်ငံတော် အလံတွေ ဇောက်ထိုး ထောင်လိုထောင်..
အခြေခံဥပဒေ စာအုပ်တွေ ခြေနဲ့နင်းလိုနင်း ...”
ဆိုတဲ့ စာကို ခေါင်းငုံ့ ဖတ်နေရင်းက ဆတ်ကနဲ ခေါင်းကိုမတ် ကင်မရာကို ကြည့်ပြီး
မျက်နှာ ခပ်တင်းတင်းနဲ့  အဆက်အစပ်မရှိ 
“ လူကြီး...လူကြီးမှန်း .. မသိ ”     လို့ ပြောလိုက်တော့ လူငယ်တွေက
ပြောင်မြောက်တဲ့ ပျက်လုံးတခုကို ကြားလိုက်ရသလို အော်ဟစ် ရယ်သံတွေ
အိမ်တော်တော် များများကနေပါ ကြားလိုက်ရ ပါတယ်။ အဲဒီလို ရုပ်မြင်သံကြားကနေ
ပြောပြီးမကြာခင်မှာ ...   ဗိုလ်စောမောင်
ဦးဆောင်တဲ့ စစ်တပ်က ၁၈-စက်တင်ဘာ-၁၉၈၈ မှာ စစ်အာဏာသိမ်းလိုက် ကြပါတယ်။

ဦးသိန်းစိန် ( ဗိုလ်ချုပ်ကြီး-ဟောင်း )

၁၈-စက်တင်ဘာ-၁၉၈၈-မှာစစ်တပ်က အာဏာသိမ်းပြီးနောက် ၂၃-နှစ် အကြာမှာ
ဗိုလ်ချုပ်ကြီး ဆိုတဲ့ အဝတ်အစားကြီးကို ကဗျာကယာချွတ်ပြီး စစ်အာဏာရှင်ကြီးရဲ့
လက်ညှိုးထိုး ခန့်အပ်မှုနဲ့ပဲ သမတ ဖြစ်လာသူ တဦးဆိုရင် မှားမယ် မထင်ပါ။
လက်ရှိ သမတ တာဝန် ယူထားတဲ့ သူ ဖြစ်ပါတယ်။ သူ သမတဖြစ်လာပုံကလည်း
အိပ်မက်ဆန်တယ် လို့ပဲဆိုဆို၊ ဒဏ္ဏာရီ ဆန်တယ်လို့ပဲ ပြောပြော ၊ မယုံရင် ပုံပြင်မှတ်လို့
သတ်မှတ်ချင် သတ်မှတ်..တကယ်ကို သမတ ဖြစ်လာတာပါ။
ဗမာ့ တပ်မတော် ကို တည်တောင်ခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကြီးလည်းဖြစ် ၊
လွတ်လပ်ရေးကို ရယူ ပေးခဲ့တဲ့ တုမနှိုင်းတဲ့ သူရဲကောင်းလည်းဖြစ်တဲ့ 
အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးထွေး ၊ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်ကို
ဒုတ်နဲ့ ရိုက်သတ်ဖို့ ကြိုးစားခဲ့တဲ့ စစ်အာဏာရှင်။ နိုင်ငံရဲ့ အညွန့်အဖူး ကျောင်းသား
ခေါင်းဆောင်တွေ.. ရဟန်း  ကျောင်းသား..ပြည်သူ..တွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်
နှစ်ရှည်ထောင်ဒါဏ်တွေ ချမှတ်ပြီး နယ်ဝေးထောင်တွေကို ပို့ခဲ့တဲ့ ၊ ပို့နေဆဲ ဖြစ်တဲ့
စစ်အာဏာရှင်။ မိဘ..ညီအစ်ကို မောင်နှမ..သားသမီး..တွေနဲ့ သေကွဲ.၊.
နှစ်ရှည်..လများ..ရှင်ကွဲ ကွဲအောင် ဖန်တီးခဲ့တဲ့ စစ်အာဏာရှင်။
ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ နိုင်ငံမှာ..ဘုရား..သားတော်..သမီးတော်..တွေကို..
ဒုတ်နဲ့ရိုက်သတ် သေနတ်နဲ့ပစ်သတ်..ဖမ်းဆီး..နှိပ်စက်..ညှင်းပန်း..
အတင်းအကြတ် လူဝတ်လဲ ခိုင်းပြီး..နှစ်ရှည်ထောင်ဒါဏ်
တွေကို ချမှတ်ထားဆဲ ဖြစ်တဲ့ စစ်အာဏာရှင်။
အဆိုပါ စစ်အာဏာရှင်ကြီး ရဲ့ ဗိုလ်ချုပ်ကြီး ( ဟောင်း ) တယောက်ပါ။
၂၀၀၈-နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံသားတွေ သိန်းနဲ့ချီသေပြီး ၊
သန်း-နဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေချိန်မှာ..ကိုယ်..ကို..တိုင်လည်း မကူညီ..
ပြည်တွင်းက စေတနာရှင်တွေကိုလည်း တားဆီး..ဖမ်းဆီး..ထောင်ချ ၊
ပြည်ပ..အကူအညီကိုလည်း အကန့် အသတ် နဲ့လက်ခံ ၊ အဲဒီအကူအညီ
တွေကိုလည်း ခိုးဝှက် ခေါင်းပုံဖြတ် ၊ ဒါတင်မကသေး စစ်အာဏာရှင် တည်မြဲဖို့
ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုတောင် နာဂစ်မှာ သေဆုံးသွားတဲ့လူတွေရဲ့
နာမည်တွေနဲ့ မဲထည့်..နိုင်ငံအနှံ့ မဲလိမ် မဲခိုးပြီး အတည်ပြု ခဲ့တဲ့ စစ်အာဏာရှင်။
အပိုင်ချည်ထားတဲ့ နာဂစ်ဖွဲ့စည်းပုံ ကိုင်ပြီး ရွေးကောက်ပွဲလုပ်တာတောင်မှ ဗြောင်
 မဲလိမ်..မဲခိုး..တာတွေကို ခပ်ပြောင်ပြောင်ပဲ လုပ်ခဲ့ပြီးတဲ့နောက်
အနှီ.. စစ်အာဏာရှင်ကြီးက  ...
ခန့်အပ်ခြင်း ခံရပြီး သမတ ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး-ဟောင်း တဦး ဖြစ်ပါတယ်။

သူ ကတော့ ဒေါက်တာမောင်မောင် ထက် ဂျူနီယာကျ ပေမဲ့ ၊၈၈-စစ်အာဏာသိမ်းပြီး
၂၃-နှစ်အကြာမှာ ဗိုလ်ချုပ်ကြီး-ဟောင်းး တဦးက အခြေခံဥပဒေနဲ့ အညီ ရွေးကောက်
ခံရပါတယ်လို့ ..ပြောင်..အဲ..ကမ္ဘာကို..ဗြောင်..ပဲကြေငြာခွင့်ရသူ ဖြစ်သွားပါတယ်။
ဒေါက်တာမောင်မောင်ထက် နဲနဲသာ သွားတယ်လို့ ဆိုကြပါစို့။
သူ သမတရာထူးရယူ ပြီးမှ အန်တီစုကို လွှတ်လိုက်ပါတယ်။ သူတို့လိုတာ ရဖို့အတွက်
အပေးအယူ အလျှော့အတင်း လေးတွေကို မဆိုစလောက် လုပ်ပြ လာပါတယ်။
ဒေါက်တာမောင်မောင်လို နဖူးပြောင်သူဖြစ်ပြီး ၊ လေသံပျော့ပျော့ လေးနဲ့ပြောတတ်တဲ့
ရှားရှားပါးပါး ဗိုလ်ချုပ်ကြီး-ဟောင်း တယောက်ပါ။ ဗိုလ်ချုပ်ကြီးတွေထဲမှာ အေးချမ်းတဲ့
မျက်နှာသွင်ပြင်ရှိသူဖြစ်ပြီး လတ်စားမှုကင်း သူတဦးလို့ နာမည်ရသူလည်း ဖြစ်ပြန်ပါတယ်။
 အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါတ်ပုံကိုချိတ်ပြီး အန်တီိစုနဲ့တွေ့
 ဆုံပြီးနောက် အန်တီစုရဲ့ ယုံကြည်မှုကို ရခဲ့ပါတယ်။ မြစ်ဆုံ ရေကာတာကို ဆိုင်းငံ့ကာလ
 သတ်မှတ် လိုက်ချိန်မှာလည်း ပြည်သူလူထုရဲ့ ချစ်ခင်မှုကို တဒင်္က ရလိုက်ပြီးသကာလ
 ခွပ်ဒေါင်း နဖူးစည်းပါ ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ မကြာပါဘူး ပြည်ပက လူတွေကို ပါပြန်လာ
 ခွင့်ပေးပါတယ်ဆိုပြီး စာနဲ့ မထုတ်ပဲ နှတ်ဂတိနဲ့ ပြည်ပက လူတွေကိုပါ အိပ်မက်တွေ
 ပေးလိုက်ပြန်ပါသေးတယ်။ နိုင်ငံရေးအကျဉ်းသား တွေကိုလည်း မကြာခင်..
မကြာခင် လွှတ်တော့မယ် ဆိုပြီး မျှော်လင့်ချက်တွေ ပေးရင်း အကျဉ်းသားမိသားစု
တွေကိုပါ ရှုးအောင် လုပ်နေခဲ့ ပါတယ်။ အဆိုးဆုံး ကတော့ နယ်ဝေးအကျဉ်း
ထောင်က နိုင်ငံေ၇းအကျဉ်းသား တွေကိုလွှတ်ပေးတော့ မလိုလိုနဲ့ ရန်ကုန်ခေါ်လာ                  
ပါတယ် အကျဉ်းသားမိသားစု ကလည်း လွတ်တော့မယ် အထင်နဲ့ အင်းစိန်ထောင်မှာ
သွားစောင့်ပါတယ်။ နိုင်ငံရေးအကျဉ်းသားကလည်း သူ့ကို ရန်ကုန် ခေါ်လာပြီဆိုတော့
လွတ်တော့မယ်..ထင်ပြီး
ဘယ်လောက် ပျော်နေမလဲ ဆိုတာ တွေးကြည့်လို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ..
ရန်ကုန်ရောက်တော့ အင်းစိန်ထောင်ထဲ တန်းထည့်လိုက်ပါတယ်။
ပြီးတော့ နောက်တနေ့မှ မြစ်ဝကျွန်းပေါ်ဘက်က ထောင်ကို ပြောင်းရွှေ့လိုက်ပါတယ်။
အဲဒီ နိုင်ငံရေး အကျဉ်းသားနဲ့ သူ့ရဲ့မိသားစု ဘယ့်လောက် ခံစားရလိမ့်မလဲ။
တချိန်တည်းမှာပဲ .....
ကောင်းတော့မယ်..ပြောင်းတော့မယ်..ဆိုတဲ့အသံတွေ ပြည်တွင်းကနေ
ပြည်ပကို လျှံထွက် လာခဲ့ပါတယ်။

ပြည်တွင်း ပြည်ပက မြန်မာနိုင်ငံသားတွေကို အလုပ်တွေ
ရှုပ်သွားစေခဲ့ပါတယ်။ အမြင်အမျိုးမျိုး ဖြစ်အောင် ဖန်တီးထားနိုင်ခဲ့တယ် ဆိုရင်
မှားမယ် မထင်ပါဘူး။
NLD က မှတ်ပုံတင်တော့မယ် အာစီယံ ဥက္ကဌ နေရာကို ရတော့မယ်လဲဆိုရော
လေသံ တမျိုးပြောင်း လာခဲ့ပြန်ပါတယ်။ မကြာသေးခင်က ကျင်းပတဲ့ ဘာလီ
အစည်းအဝေးပွဲမှာ ပြည်ပက မြန်မာသတင်းဌာန သတင်းထောက်တွေနဲ့ ပြုံးပြုံးရွှင်ရွှင်
တွေ့ပြီး.. ပြောင်ပြောင်ပဲ....ပြောသွားပါတယ်။
 “ ယုံကြည်ချက်ကြောင့် ကျနေသော အကျဉ်းသားများ မရှိကြောင်း ၊ ပြစ်မှုတခုခုကို
   ကျူးလွန်  သောကြောင့် ကျနေသော အကျဉ်းသားများသာ ရှိကြောင်း ”
တွေကို  ပြောသွားပြန်ပါတယ်။
ပြုံးပြုံးရွှင်ရွှင်နဲ့  (ထုံးစံအတိုင်း)  လေသံပျော့လေးနဲ့ ပြောသွားတာပါ။ 
အဲဒီနောက် ...
 “ အဲဒီ အကျဉ်းသားတွေကို လွှတ်နိုင်တာ နိုင်ငံတော်သမတမှာ အခွင့်အာဏာရှိပါတယ်။
   Constitution အရလည်း သမတကို လုပ်ပိုင်ခွင့် အပ်နှင်းထားပါတယ် ” 
ဆိုပြီး ပြောတဲ့  အချိန်မှာ သူ့ရဲ့လက် ၁၀-ချောင်းလုံးက
သူ့ ရင်ဘတ်ကြီးကို ပုတ်ပုတ် ပြနေပြန်ပါတယ်။
 အဲဒီ  တွေ့ဆုံပွဲကို ကြည့်ရင်းနဲ့ ရယ်ကြရပြန်ပါတယ်။

 “ သိပါတယ်ဗျာ။ သိပါတယ်..သိနေပါတယ် ” လို့ ဆိုသူကဆို..
  “ နောက်တယောက် လာပြန်ပြီဟေး ” လို့ ပြောသူကပြောနဲ့ ...

  အယူသည်းတာ မဟုတ်ပေမဲ့..ဒေါက်တာမောင်မောင်တုံး ကလဲ  အဲဒီလို 
လူရယ်စရာတခုဖြစ်ပြီး မကြာခင်မှာ စစ်တပ်ကအာဏာ သိမ်းလိုက်ပါတယ်။
နောက်တကြိမ်တော့ မဖြစ်စေချင်တော့ပါ။ 

 အဲဒီလို အခြေအနေ တွေက ကောင်းတော့မလိုလို...ဟိုလိုလို...ဒီလိုလိုနဲ့ နဲ့
စခန်းသွားနေတဲ့အချိန်မှာ...တချိန်လုံး ငြိမ်နေတဲ့
ကာကွယ်ရေးဦးစီးချုပ် ဆိုသူက နိုင်ငံခြားခရီးတွေ ကောက်ကာငင်ကာ ထွက်သွားပါတယ်။
အဲဒီ ကာချုပ်ဟာ လူကြိုက်မများတဲ့ မထင်ပေါ်တဲ့သူလို့ နိုင်ငံရေး အကဲခတ် တွေက
ပြောကြတာပါပဲ..ဒါပေမဲ့..သူ..ကာ-ချုပ်ဖြစ်ပြီး မကြာခင်မှာ လက်ရှိနောက်ကွယ်ကနေ
ကြိုးဆွဲ နေဆဲပဲလို့ ထင်နေကြတဲ့ စစ်အာဏာရှင်ကြီးရဲ့ လူရုံ နေပြည်တော်တိုင်းမှုး
ဗိုလ်ချုပ်ဝေလွင် အပါအဝင် တချို့ ဗိုလ်ချုပ်တွေကို ဖြုတ်ထုတ် ပြောင်းရွှေ့ လုပ်ခဲ့ပါတယ်။
” ကျုပ်က ကာ-ချုပ် ဆိုတာ မမေ့နဲ့လို့ ” ကြိမ်းဝါး သံကိုလည်း ကြားသူက ကြားခဲ့တဲ့
အကြောင်း သတင်းက ထွက်လာပါသေးတယ်။
မည်သို့ပင်..ဆိုစေကာမူ..လို့ဆိုရမလား..မသိပါ..
လက်ရှိ သမတ ဦးသိန်းစိန်က ရိုးသားသူ..ပြုပြင်ပြောင်းလဲရေး လိုလားသူ..
ဖြစ်နေစေကာမူ ...ဘယ်လောက် လုပ်ပိုင်ခွင့် ရှိနေပါသလဲ...
လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ကို..ထိမ်းနိုင်ပါ့မလား..
ဦးသိန်းစိန်ရဲ့ အပြောနဲ့..အလုပ်..မညီဖြစ်နေတာ..ဘာအကြောင်းတွေက
ကြံ့ဖွတ်နဲ့ ကာ-ချုပ် ကြားမှာ ညှိမရဖြစ်နေလည်း ...

၂၀၀၈-နာဂစ်-ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုလည်း မေ့ထားလို့ ရမည်မဟုတ်ပါ။
ကာ-ချုပ် က နာဂစ်ဥပဒေ အပေါ်မှာရှိနေတာ ကိုလည်း မေ့ထားလို့ မရနိုင်ပါ။
အစိုးရအဖွဲ့ အပေါ်မှာ ကာ-လုံ ရှိနေပါတယ်။ ကာ-လုံ-၁၁-ဦးမှာ ကာချုပ်က
၆-မဲ ကိုင်ထားနိုင် တာလဲ မေ့ထား လို့ မရပါ။
ကာ-ချုပ် က တရားဝင် အာဏာသိမ်းလို့ ရတယ်ဆိုတာလဲ မေ့ထားလို့ မရပါ။

လတ်တလော ဖြစ်နေတာတွေကို လေ့လာလိုက်တော့လဲ အပြောနဲ့ အလုပ် မညီတာ
တွေကို မကြာခဏ တွေ့နေရပါတယ်။                      
                         
စစ်ပွဲတွေရပ်ဖို့ သမတက အမိန့်ပေးပေမဲ့ စစ်ပွဲတွေက ပိုပြီးကြီးထွါး လာနေသလို
နိုင်ငံရေး အကျဉ်းသားတွေ အကုန်လွှတ်ပေးပါ့မယ် ဆိုပြီး နိုင်ငံတကာကို
သမတ နဲ့ လွှတ်တော် ဥက္ကဌ တွေက ကတိတွေ ပေးခဲ့ပေမဲ့ ဖြစ်မလာသေးတာတွေ
ဟာ  တခုခုတော့ မှားယွင်းနေပြီ လို့ ခန့်မှန်းရမလို ဖြစ်နေပါတယ်။

စစ်အာဏာရှင် တစုနဲ့ သူတို့ရဲ့ ဆွေမျိုး အသိုင်းအဝိုင်းသာ ကောင်းစားတဲ့
စနစ်ဆိုး မြန်မာပြည်မှာ မရှိ သင့်တော့ပါ။

ဘုရားသား..ကျောင်းသား..စစ်သား...အားလုံးမှာ တာဝန်ရှိပါတယ်။

ဒီတကြိမ် စစ်အာဏာရှင် လက်သစ် တယောက်က အာဏာ သိမ်းခဲ့မယ်ဆိုရင်တော့
မြန်မာပြည် နဲ့ မြန်မာနိုင်ငံသား တို့ရဲ့ ဘဝတွေဟာ ...


( ၂၀၁၂-ခုနှစ်မှာ မြန်မာနိုင်ငံသားများ ငြိမ်းချမ်းသာယာ တိုးတက်                                    
  ဝပြောသော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ကြပါစေ )


ကိုခိုင်                                   
ရ.၁.၂၀၁၂          
၁း၁၁

မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ

လွန်ခဲ့တဲ့ ၁၁ နာရီ ကျော်ကျော်လောက်က
ဆစ်ဒနီမြို့ရဲ့ ကမ္ဘာကျော် ကပွဲရုံနားက
နှစ် ၁၀၀ ကျော်ရှိနေပြီဖြစ်တဲ့ မြစ်ကူးတံတားကြီးမှာ
ကြီးကြယ် ခန်းနားစွာ
၂၀၁၂ နှစ်သစ်ကူးကို ကြိုဆိုတဲ့ မီးပန်းတွေ ပြစ်ဖေါက်ပြီး
လူမျိုးပေါင်းစုံတဲ့ အော်ဇီ နိုင်ငံသားတွေနဲ့ ဧည့်သည်တွေ
ပျော်ရွှင်စွာနဲ့ နှစ်သစ်ကို ကြိုတာကိုတွေ့ခဲ့ ရပါတယ်။
မြန်မာနိုင်ငံမှာလည်း အဲဒီလို ပျော်ရွှင် ကြည်နူးမှုတွေ
ဒီနှစ် ထဲမှာ ရောက်ပါစေလို့ တယောက်တည်း တိုးတိုးလေး
ဆုတောင်း နေမိတယ်။

ကိုခိုင်
၁၁း၂၁
၁.၁.၁၂

ကိုမင်းကိုနိုင်မွေးနေ့ဆုတောင်း













၈၈ ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၏
ယနေ့တွင်ကျရောက်သော
၄၉ နှစ်မြောက်မွေးနေ့မှသည်
နောင် နှစ်ပေါင်းများစွာတိုင်အောင်
အမိနိုင်ငံ၏
အမျိုး ဘာသာ သာသနာ အကျိုးကို
ဒီ့ထက်မက
ပိုမိုဆောင်ရွက်နိုင်ပါစေ။

ကိုမင်းကိုနိုင် ၊ ကိုကိုကြီးနှင့်ကျောင်းသားခေါင်းဆောင်များ
မမီးမီး ၊ မနီလာသိန်းနှင့် ကျောင်းသူခေါင်းဆောင်များ
နိုင်ငံရေးအကျဉ်းသားအားလုံး
အမြန်ဆုံးလွတ်မြောက်ကြပါစေ။

ကိုခိုင်
၁၈-၁၀-၂၀၁၁
၂၃း၂၃

ပြည်တွင်းက သူရဲကောင်းတွေ ဆုံကြမယ်














ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(၂၀၀၇)၏
နှစ်ပါတ်လည် အခန်းအနားသို့ ကြွရောက်ပါရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်။

နေ့ရက်   ။ ၂၈-ရက်၊ သြဂုတ်လ၊ ၂၀၁၁-ခုနှစ်။
အချိန်     ။ ၁း၀၀ မှ ၃း၀၀ အထိ
နေရာ     ။ Dr. နေဝင်း+ဒေါ်သန္တာ နေအိမ်။
               အမှတ် ၂၂၄/ခ ၊ သီရိမင်္ဂလာလမ်း(ဂျပန်လမ်း)
              ရွာမအရှေ့ရပ်ကွက် ၊ အင်းစိန် ။

* အင်းစိန် ဖော့ကန် ဒညင်းကုန်း ရောက်သည့်ကားများစီး၍
  ဂျပန်မှတ်တိုင်ဆင်းပါ။

( ဦးမြင့်စိုး-Facebook-မှသတင်းကို မျှဝေပါသည်။ )

ခင်ဗျားနဲ့ကျွန်တော်

OUR FUTURE 
BELONG TO FREEDOM
ITS DOES NOT BELONG TO FEAR


ခင်ဗျားနဲ့ကျွန်တော်

ကိုခိုင်

ခင်ဗျားနဲ့ကျွန်တော်
ရိုးသားမှူပေါ်မှာ
နားလည်မှုတွေဆင့်ပိုးပြီး
ယုံကြည်မှုတွေနဲ့တည်ဆောက်ပြီးတဲ့အခါ
ဒီခရီးလမ်းကိုလျှောက်ကြမယ်။

ခင်ဗျားနဲ့ကျွန်တော်
ရင်နဲ့အမျှ
ဘဝင်မကျခဲ့ရတာတွေကိုနောက်ထားလို့
ဒီခရီးလမ်းကိုလျှောက်ကြမယ်။

ခင်ဗျားနဲ့ကျွန်တော်
အပြစ်အနာတွေဖြောက်
သစ္စာရေတွေသောက်ပြီးရင်
ဒီခရီးလမ်းကိုလျှောက်ကြမယ်။

ခင်ဗျားနဲ့ကျွန်တော်
အတွေ့အကြုံနဲ့အတွေးအခေါ်တွေပေါင်းစပ်
အတတ်ပညာနဲ့ဆင်ခြင်တုံတရားရောလျှက်လို့
မဟာဗျူဟာနဲ့နည်းဗျူဟာတွေကိုတည်ဆောက်ပြီးတဲ့အခါ
ဒီခရီးလမ်းကိုလျှောက်ကြမယ်။              


ရှေ့ကလာမဲ့မြားတွေရော
နောက်ကလာမဲ့ဓါးတွေပါ သတိထားကြရလိမ့်မယ်။

ကျွန်တော်ကရှေ့ကနေလမ်းကိုထွင်းတဲ့အခါ
ခင်ဗျားကနောက်ကနေ လမ်းကိုစနစ်တကျခင်းပေးပါ။

လမ်းတလျှောက်မှာ...
အားပေးနေသူတွေလည်းတွေ့ရနိုင်တယ်..
အားမွေးနေသူတွေနဲ့လည်းတွေ့ရနိုင်တယ်..
တအားတွေးနေသူတွေနဲ့လည်းတွေ့ရနိုင်တယ်..
အသွားနှေးနေသူနဲ့လည်းတွေ့ရနိုင်တယ်..
တအားပြေးနေသူတွေနဲ့လည်းတွေ့ရနိုင်တယ်..။

တချိုးတကွေ့မှာ..
တအားငေးနေသူတွေနဲ့လည်းတွေ့ရနိုင်တယ်..
စကားဝေးနေသူတွေနဲ့လည်းတွေ့ရနိုင်တယ်..။

အာဏာမျှော်နေသူတွေနဲ့လည်းတွေ့ရနိုင်တယ်..
လာပါခေါ်သူတွေနဲ့လည်းတွေ့ရနိုင်တယ်..။

ဝိုင်းဟားမဲ့သူတွေနဲ့လည်းတွေ့ရနိုင်တယ်..
ဝိုင်း စား မဲ့သူတွေနဲ့လည်းတွေ့ရနိုင်တယ်..။

လှမ်း ဟောင် မဲ့သူတွေနဲ့လည်းတွေ့ရနိုင်တယ်..
ရမ်း လှောင် မဲ့သူတွေနဲ့လည်းတွေ့ရနိုင်တယ်..။

ဘာတွေနဲ့ပဲတွေ့တွေ့
ဘာတွေနဲ့ပဲကြုံကြုံ
ဒီလမ်းဟာ..
ပေါက်ချင်ရာပေါက် ဖေါက်မဲ့လမ်းမဟုတ်ဘူး
ဆောက် ချင်တဲ့အရာဆီပေါက်မဲ့လမ်းဖြစ်စေရမယ်..
ဖြောင့်ဖြူးရမယ်
တည်ငြိမ်ရမယ်
ခန့်ငြားရမယ်
လှပရမယ်..။

ခင်ဗျားနဲ့ကျွန်တော်
စနစ်တကျဖေါက်
အပြစ်မကျအောင် လျှောက်နိုင်ရင်
လိုချင်တဲ့နေရာကို
တထစ်ချ ရောက်ကိုရောက်ရမယ်..။              ။

*  ခင်ဗျားနဲ့ကျွန်တော်ပေါင်းများစွာသို့  *

( ၈၈၈၈ အရေးတော်ပုံ ၂၃-နှစ်မြောက် )            
                                                   

( ဒီကဗျာကို Burma Today မှဖေါ်ပြပေးသည့်အတွက်
 ဦးမြင့်လှိုင်နှင့် Burma Today ကိုကျေးဇူးတင်ပါသည်။)
        
                                   
ကိုခိုင်
၈.၈.၁၁


ကြည်နူးစွာဖြင့်ဆုတောင်းခွင့်ပြုပါ































ကြည်နူးစွာဖြင့်ဆုတောင်းခွင့်ပြုပါ

ကိုခိုင်


ရဟန်းတော်များကို
အန်တီစုက..လေးစားကြည်ညို..ကိုးကွယ်သလို
ရဟန်းတော်များကလည်း
ကာကွယ်စောင့်ရှောက်ကြပါစေ ။

ကမ္ဘာ့နိုင်ငံတွေငြိမ်းချမ်းမှုကို
အန်တီစုက..လိုလားသလို
အန်တီစုချစ်တဲ့မြန်မာနိုင်ငံမှာလည်း
ငြိမ်းချမ်းသာယာဝပြောပါစေ ။

အနာဂါတ်နိုင်ငံတော်အတွက်..လူငယ်တွေကို
အန်တီစုက..ပြုစုပျိုးထောင်နေသလို
လူငယ်တွေကလည်း..အန်တီစုကို
ဒီ့ထက်မကပိုပြီး..ဝိုင်းဝန်းပန့်ပိုးနိုင်ကြပါစေ။

ဆင်းရဲမွဲတေနေတဲ့ပြည်သူတွေကို
အန်တီစုက..အမြဲတမ်းအားပေးနေသလို
ပြည်သူတွေပို့သတဲ့မေတ္တာများကိုလည်း
များများရရှိခံစားနိုင်ပါစေ။

ဖခင်ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့တပ်မတော်ကို
အန်တီစုက..သံယောဇာဉ်ကြီးသလို
မျိုးချစ်တပ်မတော်သားတွေကလည်း
အန်တီစုဘက်မှာရဲရဲရင့်ရင့်ရပ်တည်နိုင်ကြပါစေ ။

အမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်စစ်အာဏာရှင်တွေကို
အန်တီစုက..ဆွေးနွေးကြဖို့အမြဲဖိတ်ခေါ်နေသလို
မျိုးဆက်သစ်..မျိုးချစ်တပ်မတော်ခေါင်းဆောင်များကလည်း
အန်တီစု စေတနာကို အမျှော်အမြင်ကြီးစွာနားလည်နိုင်ကြပါစေ ။

တမြေတည်းနေတဲ့တိုင်းရင်းသားတွေကို
အန်တီစုက..ချစ်ခင်မြတ်နိုးတန်ဖိုးထားသလို
တိုင်းရင်းသားတွေကလည်း
အန်တီစုနဲ့ တသားတည်းရပ်တည်နိုင်ကြပါစေ ။

ပျော်ရွှင်ဖွယ်ရာ..
မိသားစု စုံညီထမင်းဝိုင်းလေးတွေကို
တောင့်တနေတဲ့မိခင်တွေကို
အန်တီစုက..စာနာ..နားလည်သလို
အန်တီစုရဲ့ထမင်းစားချိန်တိုင်းမှာလည်း
မိသားစု..စုံညီစွာနဲ့ပျော်ပျော်ရွှင်ရွှင်သုံးဆောင်နိုင်ပါစေ ။

အန်တီစုရေ...
နိုင်ငံတကာကလေးစားတဲ့မြန်မာ့ခေါင်းဆောင်အတွက်
ပြည်သူတွေကချစ်ခင် ကြည်ညိုတဲ့ခေါင်းဆောင်အတွက်
ကျွန်တော်တို့ခေတ်မှာပေါ်ပေါက်လာတဲ့
ဂုဏ်သရေရှိပြီး..တန်ဖိုးမဖြတ်နိုင်တဲ့
နိုင်ငံ့ခေါင်းဆောင်..မွေးနေ့အတွက်
ကြည်နူးစွာဖြင့်ဆုတောင်းပေးခွင့်ပြုပါတော့...
အန်တီစု..ကျန်းမာပါစေ...
အန်တီစု..ဘေးအန္တာရာယ်ကင်းဝေးပါစေ...
အန်တီစု..သက်တော်ရာကျော်ရှည်ပါစေ...    ။              ။


( အန်တီစု၏ ၆၆ နှစ်ပြည့်မွေးနေ့အမှတ်တရ )


( ဒီကဗျာကို Burma Today အန်တီစု၏၆၆နှစ်မြောက်မွေးနေ့
  အမှတ်တရတွင် ဖေါ်ပြပေးခဲ့သောကြောင့် Burma Today
  နှင့် ဦးမြင့်လှိုင်ကို ကျေးဇူးတင်ပါသည်။ )

ကိုခိုင်
၁၉.၀၆.၂၀၁၁
ရး၀၀

သူရဲကောင်းတို့ရဲ့ဒိုင်ယာရီ ( ၃ )




 
















သူရဲကောင်းတို့ရဲ့ဒိုင်ယာရီ ( ၃ ) 
ကိုခိုင်



ဦးမောင်မောင်ငြိမ်း(ခ)
ကဗျာဆရာမောင်ငြိမ်းလူ(ဟယ်လ်ပင်)
အသက်-( ၄၃ ) နှစ်





အထွေထွေအတွင်းရေးမှုး
ပြည်သူ့ကာကွယ်ရေးတပ်။
မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်
မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု။
အယ်ဒီတာချုပ်
ရိုးမ ( ၃ ) သတင်းဌာန။


     “ ဒူးယားမသောက်ရတာကြာပြီဗျ..သောက်လို့ကောင်းလိုက်တာ..
       ကျေးဇုးတင်တယ်ဗျို့...”

မိုးလယ်ရာသီတခုရဲ့..ရက်တရက်မှာ..သူ့..ကိုစသိခဲ့ရပါတယ်။ ၁၉၉၀-
ခုနှစ်ရဲ့..စက်တင်ဘာ မုတ်သုန်ရာသီတခုမှာပါ။ ဒူးယားစီးကရက်ကိုတရှိုက်
မက်မက်ဖွါရှိုက်ရင်း..ကျေးဇူးစကားဆိုတဲ့..သူ့ရဲ့ရိုးသားပွင့်လင်းမှုကို..စတွေ့
ချိန်မှာပဲသတိထားမိခဲ့ပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့..
သူကိုင်ဆောင်တဲ့ လက်နက်ကြီးပါ။ ဌက်ပျောဖူးပုံစံရှိတဲ့ ကျဉ်ဆံကြီးကိုအဆင်
သင့်တပ်ထားပြီး သူ့ လက်နက်ကြီးကိုတချိန်လုံးပြုံးပြုံးရွှင်ရွှင်နဲ့ တသသဖြစ်နေ
ပုံကိုလည်းပြန်မြင်ယောင်နေမိပါတယ်။

     “ ဒါ R.P.G.NO.5 ဗျ။ တခါမှတော့ မပစ်ရသေးဘူး။ ဒီ..တောင်ပေါက်..ရွာ
       ကပြန်ရင်တော့..ကံကောင်းရင် ပစ်ခွင့်ရမယ်ထင်တာပဲ..ကျွန်တော့်ဘေး
       မှာပဲနေနော်..နောက်မှာတော့မနေနဲ့..ဒီကောင်ကြီးက ပစ်လိုက်ရင် အနောက်
       ကပြောင်းက..မီး..ပန်းထွက်တတ်တယ်...”

စိတ်ရှည်လက်ရှည်ရှင်းပြပြီး..AK-47 ။ M-16..တို့ကိုအခြေခံသိသင့်တာတွေကို
လည်းပြောပြပါတယ်။ သူ့..ရဲ့အပိုကျဉ်ကြီး-၃-လုံးကိုလည်း ကျဉ်သယ်ဆောင်ဖို့
အထူးချုပ်လုပ်ထားတဲ့ လက်ပြတ်ဂျာကင်မှာ သေသေသပ်သပ်ချည်နှောင်ထားပါတယ်။
ရှေ့တန်းစခန်းမှာ သူ့ရဲ့အသွင်ကအမြဲတမ်းအဆင်သင့်ရှိနေတဲ့ တက်ကြွတဲ့တိုက်ပွဲပျော်
တဦးအသွင်ပါ။ လေအေးအေးနဲ့ပြောတတ်ပြီး စကားပြောရင်ပြုံးပြီးပြောတတ်သလို..
တခါတခါမှာလည်း ခပ်တည်တည်နဲ့နောက်တတ်ပါတယ်။ အဲဒီအချိန်မှာသူက..
ဗိုလ်မှုးကြီးဟောင်းဦးစိန်မြ ဖွဲ့စည်းထားတဲ့..ပြည်သူ့ကာကွယ်ရေးတပ် (P.D.F ) မှာ
တာဝန်ထမ်းဆောင်နေပြီး ရှေ့တန်းစခန်းဖြစ်တဲ့တောင်ပေါက်ဆိုတဲ့ကျေးရွာကို
ပြည်တွင်းကလာမဲ့အဆက်အသွယ်တွေကိုကြိုဖို့..ဒုတပ်စိတ်မှုးတာဝန်နဲ့ရောက်နေချိန်ပါ။
ဒီ့ပြင်ရဲဘော်တွေမှာ..ယူနီဖေါင်းအပိုတွေ..အရပ်ဝတ်အရပ်စားတွေ..တိုလီမုတ်စတွေနဲ့
ဖြစ်နေချိန်မှာ..သူကတော့..သူကိုင်ဆောင်တဲ့လက်နက်ကြီးရယ် အပိုကျည်တွေသယ်လို့
ရတဲ့ဂျက်ကက်ကိုဝတ်ထားပြီး..စစ်တပ်သုံးဘေးလွယ်အိပ်သေးလေးပဲယူဆောင်လာ
ပါတယ်။ အဲဒီလွယ်အိတ်သေးလေးထဲမှာတော့..ဘောလ်ပင်တချောင်း..မှတ်စုစာအုပ်
ငယ်တခုနဲ့..ရေလဲလုံချည်ဟောင်းလေးတထည်သာပါ..ပါတယ်။ ဘောလ်ပင်နောက်
တချောင်းကိုယူနီဖေါင်းအရှေ့အိပ်မှာချိတ်ထားပြီး..အဲဒီအိပ်ထဲမှာ..ဘီး..ငယ်လေးတခု
လည်းထည့်ထားပါတယ်။ ဘောလ်ပင်နဲ့မှတ်စုစာအုပ်လေးကို..ဘယ်နေရာသွား
သွား..ယူသွားတတ်တယ်လို့ဆိုပါတယ်။ နားတဲ့အချိန်ရောက်လို့..ရေချိုးကြပြီးရင်
သူ့..ဘီးလေးနဲ့ဆံပင်ကိုကော့နေအောင်ဖီးတတ်တာကိုလည်းအမှတ်ရစရာပါ။
     တောင်တက်တောင်ဆင်းသွားကြရင်းမိုးရွာလို့စွတ်စိုနေတဲ့မြေပြင်မှာ..
ခဏခဏချော်လဲပေမဲ့..သူ့လက်နက်ကတော့သူ့ဘယ်ဖက်ပခုံးပေါ်မှာအမြဲရှိလျှက်။
ကူသယ်ပေးပါ့မယ်ဆိုတော့လည်း..ခေါင်းကိုတွင်တွင်ရမ်းလို့..ခရီးဆုံးသည်ထိ
သူ့တာဝန်..သူ..ကျေပြွန်စွာထမ်းဆောင်မယ်လို့ဆိုနေသလိုပါ။
     နောက်မှသိရတာကတော့..သူ့ဖခင်ဟာ..မဆလခေတ်ကဗိုလ်မှုးကြီးတဦး
ဖြစ်ကြောင်းပါ။ သူဟာလည်းတပ်မတော်သားတဦးပါ။ လက်ဖြောင့်တပ်သား..
တဦးဆိုရင်ပိုမှန်ပါမယ်။
     ၈၈-အရေးတော်ပုံကြီးမှာ ပြည်သူတွေနဲ့ပူးပေါင်းပါဝင်ခဲ့ပြီးတဲ့နောက်..
သူ့မိသားစုက..နိုင်ငံခြားသင်္ဘောလိုက်ဖို့လွှတ်လိုက်တာ..သူက..ဘန်ကောက်
မှာဆင်းနေခဲ့ပြီး..မြန်မာ-ထိုင်း..နယ်စပ်ကတော်လှန်ရေးနယ်မြေကိုရောက်လာ
ခဲ့ပါတယ်။ ဒီခရီးကိုအဆုံးထိလျှောက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ရောက်လာခဲ့တာပါ။
     ပြည်သူ့ကာကွယ်ရေးတပ် ( P.D.F ) မှာလည်းသူဟာ..အဘ..ဗိုလ်မှုးကြီးစိန်မြ
တာဝန်ပေးသမျှ..ဘာမှစောဓကမတက်ပဲ..လုပ်ပါတယ်။ ပေးအပ်သမျှတာဝန်တွေ
ကိုကျေပြွန်စွာထမ်းဆောင်သူပါ။ ဘယ်သူ့သား..ဘယ်ဝါ့သား..ဆိုပြီး..ကြွားဝါ
ထောင်လွှားခြင်းမရှိသလို..ဘာအခွင့်အရေးမှလည်း..ပိုယူခဲ့သူတဦးမဟုတ်ပါ။
     တခါက..သေနတ်ပစ်ကွင်းတခုမှာလည်း..သူ့အရည်အချင်းကောင်းတခု
ကိုတွေ့ခဲ့ရပါတယ်။ လက်အဖြောင့်ဆုံးသင်တန်းသားတယောက်ကို..
ကျည်ခွံလေးထောင်ပေးပြီး..ပစ်ကြည့်ပါလားလို့ပြောပါတယ်။ အဲဒီသင်တန်းသား
က..ပစ်လို့မထိတော့..မလွယ်ပါဘူးလို့ဆိုပါတယ်..အဲဒီအခါကျမှ..သူက..
သေသေခြာခြာထိုင်ပြီးတော့..ဘယ်လက်ကြီးနဲ့ပစ်လိုက်ပါတယ်..။
“ ထောင် ”ကနဲလွင့်ထွက်သွားတဲ့..ကျည်ခွံလေးကိုကြည့်ပြီးတော့အားလုံး
အံ့အားသင့်နေချိန်မှာ..သူကတော့..ဘာမှမဖြစ်သလိုပါ။
     တကြိမ်မှာတော့..ဝါးပင်ခပ်အုပ်အုပ်တခုအောက်မှာ..သူထိုင်နေတုံး...
စကားပြောဖို့သွားတော့..မလုံမလဲရယ်ကြဲကြဲမျက်နှာနဲ့..မှတ်စုစာအုပ်လေးကို
အလျှင်အမြန်ဖွက်လိုက်ပါတယ်။ ..ဘာတွေလှို့ဝှက်နေရတာတုံး..ဆိုတော့မှ..
မရယ်ပါဘူးဆိုတဲ့ကတိပေးပြီး..စာအုပ်လေးကိုကြည့်ခွင့်ရခဲ့ပါတယ်။
ကဗျာတွေ...ကဗျာတွေပါ။ အချစ်ကဗျာတွေ..တော်လှန်ရေးကဗျာတွေပါ။
တော်လှန်ရေးကဗျာတွေက..ပိုများပါတယ်။ မောင်ငြိမ်းလူ ( ဟယ်လ်ပင် )
ဆိုတဲ့ကလောင်ကိုလည်းရေးထိုးထားပါတယ်။ “ ဟယ်ပင် ”ဆိုတာကတော့..
ရန်ကုန်က..သူ...နေခဲ့တဲ့နေရာပါ။
     အဲဒီနောက်တော့..သူနဲ့ဝေးကွာခဲ့ရပြီး..ဘန်ကောက်မှာတခါပြန်ဆုံကြ
ပါတယ်။ တဒီးဒီးကျနေတဲ့ချွေးတွေသုတ်ရင်း..ယမ်းစိမ်းတွေနဲ့နယ်ထားတဲ့
အသားတွေစားပြီး..မီးခိုးငွေ့တွေရှုနေရတာအသက်ရှုမဝဘူး..ဆိုပြီး..
တောထဲကိုပဲပြန်တော့မယ်လို့ဆိုပါတယ်။ သူ..ဘန်ကောက်ကိုခဏသာ
လာလယ်တာပါ။ မိတ်ဟောင်းဆွေဟောင်းတွေကိုတွေ့ဆုံရင်းပါ။ ဒီ့နောက်
သူ..ကျောင်းသားတပ်မတော် (ABSDF )ကိုရောက်သွားပြီး..တိုက်ပွဲကြီး
တွေမှာပါဝင်ဆင်နွှဲနေတဲ့အကြောင်း..နောက်တော့..ပြည်သူ့ကာကွယ်ရေး
တပ်ကိုပြန်ရောက်လာကြောင်း..ရှေ့တန်းစခန်းတွေမှာပဲအနေများကြောင်း
တို့ကိုကြားခဲ့ရပါတယ်။
     ၂၀၀၈-မှာတော့..“အသိ” တယောက်..မဲဆောက်သွားရင်း..သူနဲ့
တွေ့ခဲ့ကြောင်း..ကဗျာဆရာဖြစ်နေကြောင်း..ရိုးမ(၃)မှာ-အယ်ဒီတာချုပ်
လုပ်နေကြာင်း..အားလုံးကိုသတိရတယ်လို့ပြောလိုက်ကြောင်း...
     ၂၉.၄.၂၀၁၀..နံက်စောစောတခုမှာတော့...
     ချစ်လှစွာသောအမိနိုင်ငံ..မိဘ..ညီအကိုမောင်နှမ..ချစ်ဇနီး..
     ရဲဘော်ရဲဘက်... မိတ်ဆွေသူငယ်ချင်း..အားလုံး..
     အားလုံးကို..နှတ်တောင်မှမဆက်
     တိတ်ဆိတ်စွာနဲ့..အဝေးတနေရာကိုထွက်ခွါသွားလိုက်ပါပြီ။

ဦးမောင်မောင်ငြိမ်း(ခ)ကဗျာဆရာမောင်ငြိမ်းလူ(ဟယ်လ်ပင်)
ကောင်းရာသုဂတိလားပါစေ။





















သူရဲကောင်းတဦးဆုံးရှုံးခြင်း

ကိုခိုင်


မနေ့ကပေါ့.........

သတင်းဆိုးတခုကြားလိုက်ရတယ်.....

သူရဲကောင်းတဦးဆုံးရှုံးသွားပြန်ပြီတဲ့...။


မနေ့ကပေါ့.........

အန်တီစုကိုလေးစားကြည်ညိုပြီး.......

အမိနိုင်ငံကိုချစ်မြတ်နိုးသူ

တော်လှန်ရေးသမားတဦးဆုံးရှုံးသွားပြန်ပြီတဲ့...။


မနေ့ကပေါ့.........

အမှန်တရားကိုချစ်မြတ်နိုးပြီး.........

ပြည်သူ့ဖက်ကရပ်တည်ခဲ့သူ

မျိုးချစ်တပ်မတော်သားတဦးဆုံးရှုံးသွားပြန်ပြီတဲ့...။


မနေ့ကပေါ့..........

တော်လှန်ရေးသမားတွေကိုလေးစားတတ်ပြီး.........
စွန့်လွှတ်အနစ်နာခံတတ်သူ

တိုက်ပွဲပျော်ကြီးတယောက်ဆုံးရှုံးသွားပြန်ပြီတဲ့...။


မနေ့ကပေါ့.........

ကျေးလက်ဒေသကိုချစ်မြတ်နိုးပြီး.........

(တော်လှန်ရေးပြီးသွားရင်.....)

“ကဗျာဝ” မှာ ကဗျာတွေရေးချင်တယ်ဆိုသူ

အနုပညာမြတ်နိုးသူတဦးဆုံးရှုံးသွားပြန်ပြီတဲ့...။


မနေ့ကပေါ့.........

အသည်းနှလုံး..သွေးစက်တွေကိုစုစည်းသီကုံးလို့.....

လက်ဝဲစာလုံးလှလှလေးတွေနဲ့တန်ဆာဆင်ပြီး......

ဘယ်ဖက်လက်နဲ့ပဲဖန်တီးတတ်သူ

ကဗျာဆရာတဦးဆုံးရှုံးသွားပြန်ပြီတဲ့...။

                 
ကိုငြိမ်းရေ................

ခင်ဗျားဟာ...............

မျိုးချစ်စစ်သည်တော်တဦးပါ...။

အမိနိုင်ငံကိုချစ်တတ်သူတဦးပါ...။

အနစ်နာခံတတ်သူတဦးပါ...။

တိုက်ပွဲပျော်တဦးပါ...။

တော်လှန်သူတွေရင်ထဲမှာအမြဲရှိနေမဲ့သူတဦးပါ...။

ဇနီးမယားကိုလည်းချစ်တတ်သူတဦးပါ...။

အနုပညာကိုချစ်မြတ်နိုးသူတဦးပါ...။

ကဗျာဆရာတဦးပါ...။

ပြီးတော့.........

ခင်ဗျားဟာ.........

သူရဲကောင်းတဦးပါ...........     ။              ။
၃၀-၀၄-၂၀၁၀
၁၄း၄၀           .့
(ကဗျာဝ= လှပသောပင်လယ်ကမ်းခြေအနီးမှရွာနံမည်ဖြစ်ပါသည်။)

ဦးမောင်မောင်ငြိမ်း၏ကိုယ်ရေးအကျဉ်း

အမည်.....               ဦးမောင်မောင်ငြိမ်း
အသက်....              ၄၃-နှစ်
အဖအမည်..... .       ဗိုလ်မှုးကြီးတင်မောင်
မွေးရာဇာတိ.....        ရန်ကုန်
ဇနီးအမည်......         မချမ်းလွန်(internews)


ကိုခိုင်
၁၆-၅-၂၀၁၁
၂၃း၀၀

မျိုးဆက်သစ်တို့လက်ထဲမှာ...


မျိုးဆက်သစ်တို့လက်ထဲမှာ...

ကိုခိုင်

မျိုးဆက်သစ်တို့လက်ထဲမှာ
လွတ်လပ်တဲ့နိုင်ငံတော်သစ်ရှိတယ် ။

မျိုးဆက်သစ်ဂုဏ်
ဖြုစင်စွာမွေးဖွါး
မြင်ြ့မတ်စွာကြီးထွါးဖို့လိုတယ် ။

အတ္တမာနတွေတော့ဖြုတ်ထားခဲ့လေ..
ကွန်ပြူတာနဲ့တွက်ဖို့မလိုပါဘူး
ဆင်ခြင်တုံတရားရှိဖို့လိုတယ်
မငြင်းနိုင်ပါဘူး..။

ခုချိန်ခါမှာ .....
လက်မောင်းသွေးဖောက်ပြီး ..
သစ္စာရည်သောက်တဲ့ခေတ်မဟုတ်တော့ပေမဲ့
အသက်ထပ်ပြီးကတိတွေပေးကြတဲ့အခါ
ဂုဏ်သိင်္ခါလည်းကပ်ပြီး..ပါ..ပါစေ။

ပုံမှန်ရှင်းနေရတဲ့
ဦးဏှောက်ရဲ့အခန်းတွေထဲ
သစ္စာတရားတွေလည်းနေ့စဉ်ဖြည့်နိုင်ကြပါစေ ။


စုတ်ဖြဲ..မီးရှို့..မြေမြုပ်..ပစ်ရမဲ့အထဲ
မျိုးဆက်ဟောင်းကြီးတွေရဲ့
အာဏာရှင်ဆန်တာတွေ...
အကျင့်စရိုက်ဆိုးတွေကို...
စာရင်းတို့ထားကြ ။


ဦးပုတ်စောင့်နေတဲ့..ကျား..တွေနဲ့
ဆား..ချက်နေတဲ့သူတွေအနား
ယောင်လို့မှမသွားမိကြစေနဲ့။

အမြင်တွေမတူကြလို့
ပါလီမန်ဒီမိုကရေစီခေတ်က
လွှတ်တော်ထဲ.. ဖဲ.. ထီးနဲ့ထိုးတဲ့အကြောင်း
ဘန်ကောက်အစည်းအဝေးတွေကရိုက်ပွဲတွေအကြောင်း
မျိးဆက်ဟောင်းကြီးတွေကပြောပြကြတဲ့အခါ..
ခပ်တိုးတိုးလေး
လေချွန်လို့သာနေလိုက်ပါ ။

မိုက်မိုက်မဲမဲရိုးသားနေကြတယ်လို့
ဆိုချင်သူတွေဆိုကြပါစေ..
အချိန်ရောက်လာလို့ ကိုယ်တိုင်လုပ်ခွင့်ရတာ
ဂုဏ်ယူစရာတခု..။

လျှောက်လှမ်းရမဲ့ခရီးကြမ်းထဲ
ရက်စက်မှူတွေနဲ့ကြုံတဲ့အခါ
အလံဖြူလဲထောင်မှာမဟုတ်သလို
ကြိုးဝိုင်းထဲကို..ပုဝါ..ပစ်တင်ဖို့လဲစိတ်ကူးမရှိကြောင်း
အာဏာရှင်ကို..မောင်း..ခတ်လိုက်ပါ ။

“ ဥပဒေ ” လို့ဆိုလိုက်တိုင်း
တီကောင်လေးတွေလိုတွန့်မသွားကြနဲ့..
အရည်ကြိုသောက်ချင်သောက်
အမှန်တရားတွေကိုဦးဏှောက်မှာသိုလှောင်ထားပြီးရင်
ကျန်တာတွေကို..ပင်လယ်ထဲမျှောလိုက်ကြရုံပေါ့ ။

အရေးကြီးတာက
အတွေးတူရင်
အရေးလည်းတူမယ်ဆိုတာ..
ဘုရားသား..ကျောင်းသား..စစ်သား..
ခွဲခြားနေရမဲ့အချိန်မဟုတ်ဘူး..
ဦးဏှောက်ခြင်းဆက်
နှလုံးသားခြင်းနားလည်
ခိုင်မြဲတဲ့လက်တွေချိတ်ပြီးတဲ့အခါ..
ဘာလိုဦးမှာလဲ ။

သေခြာတာက...
မျိုးဆက်သစ်ဆိုတာ
အနာဂါတ်တွေဖြစ်တယ်..
အနာဂါတ်ဆိုတာ
မျိုးဆက်သစ်တွေဖြစ်မယ်..။

ဘယ်သူငြင်းနိုင်မှာလဲ...
မျိုးဆက်သစ်တို့လက်ထဲမှာ
လွတ်လပ်တဲ့နိုင်ငံတော်သစ်ရှိတယ် ။              ။


ကိုခိုင်
၂၇-၃-၂၀၁၁
၁၃း၅၀

( စစ်အာဏာရှင်များမြန်မြန်ကျဆုံးပါစေ။ )

သူရဲကောင်းတို့ရဲ့ဒိုင်ယာရီ ( ၂ )

















သူရဲကောင်းတို့ရဲ့ဒိုင်ယာရီ ( ၂ )

အုပ်ခွဲတပ်ကြပ်ကြီးနုနုအေး (တပ်မတော်-လေ )
၁၉၃၈-၂၀၀၈

ကိုခိုင်

ဆရာမကြီးဒေါ်နုနုအေးဟာ..၈၈၈၈အရေးတော်ပုံမှာ..ပထမဦးဆုံး..ပြည်သူလူထုနဲ့
ပူးပေါင်းဆန္ဒပြခဲ့တဲ့..ပြည်သူလူထုရင်ခွင်ကိုခိုလှုံ့ခဲ့တဲ့..အမျိုးသမီးသူရဲကောင်း..
မျိုးချစ်တပ်မတော်သား..စစ်သမီးတဦးဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန..
တပ်မတော်လေရဲ့..လေယာဉ်ပုံဆွဲဌာနမှာတာဝန်ထမ်းဆောင်နေစဉ်ကာလကတည်း
က..တပ်မတော်သားများ..လူငယ်များရဲ့ချစ်ခင်လေးစားမှုကိုခံရသူတဦးလည်းဖြစ်..
ပါတယ် ။ ဆရာမကြီးရဲ့ခင်ပွန်းသည်ဟာလည်းတပ်မတော်အရာရှိတဦးဖြစ်ပါတယ် ။
တပ်မတော်လေမှာတာဝန်ထမ်းဆောင်စဉ်က..လူငယ်ရဲဘော်များကချစ်စနိုးနဲ့ ..
“ မာမီ ”လို့ခေါ်ကြပါတယ်။
     ၈၈၈၈ အရေးတော်ပုံကြီးမှာ..တပ်မတော်သားများကိုစည်းရုံး၍..ဆန္ဒပြခဲ့ပါတယ် ။
၈၈-တပ်မှုးဟောင်းများညီလာခံမှာလည်းတက်ကြွစွာပါဝင်ခဲ့ပါတယ်။၁၉၈၈-စက်တင်ဘာ
၁၈-ရက်နေ့..စစ်အာဏာသိမ်းပြီးနောက်..ကျောင်းသားများ..တပ်မတော်သားများကို..
ဦးဆောင်၍..မြန်မာ-ထိုင်း..နယ်စပ်ရှိ..ကရင့်တော်လှန်ရေးနယ်မြေသို့..ထွက်ခွါလာခဲ့..
ပါတယ် ။ တော်လှန်ရေးနယ်မြေရောက်ရှိတဲ့အခါမှာ..ကျောင်းသားပြည်သူ..၁၄၀၀ကျော်
ရှိသော..“သံလွင်စခန်း” စခန်းကော်မတီ-၃-ဦးရွေးချယ်ရာတွင်..ပါဝင်ရွေးချယ်ခံရပါတယ်။
“သေဘောဘိုးစခန်း” “ကော့မူးရာစခန်း” တို့၌ကျင်းပသော..မြန်မာနိုင်ငံလုံးဆိုင်ရာ..
ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး..ဖွဲ့စည်းရေးညီလာခံသို့..သံလွင်စခန်း-၁-၂-၃..
တို့၏ကိုယ်စားလှယ်-၃-ဦးတို့အနက်..တဦးအဖြစ်တက်ရောက်ခဲ့ပါတယ် ။
     ထို့နောက်..ကရင်တော်လှန်ရေးနယ်မြေ..မွန်တော်လှန်ရေးနယ်မြေများတွင်..တော်
လှန်ရေးတာဝန်များကို..၁၉၉၆-အထိတက်ကြွစွာထမ်းဆောင်ခဲ့ပါသည်။
     ၁၉၉၆-ခုနှစ်အတွင်းတွင်..အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့နေထိုင်ခဲ့သော်လည်း...
၂၀၀၁-ခုနှစ်တွင်..မြန်မာ-ထိုင်း-နယ်စပ်သို့ပြန်လာခဲ့ပြီး..ရဲဘော်ဟောင်းများနှင့်တွေ့ဆုံကာ
တော်လှန်ရေးတာဝန်များကိုပြန်လည်ထမ်းဆောင်ခဲ့ပါသည်။
     ၂၀၀၃-ခုနှစ်တွင်..မြန်မာ-ထိုင်း-နယ်စပ်..“မဲ့စရီယန်း” ဒေသသို့သွားရောက်၍မျိုးချစ်..
တပ်မတော်သားဟောင်းများကိုပြန်လည်ဆက်သွယ်စည်းရုံးပြီး..၂၀၀၄-ခုနှစ်တွင်..မဲဆောက်
မြို့၌ယာယီရုံးခန်းဖွင့်လှစ်ကာ..“မြန်မာနိုင်ငံမျိုးချစ်စစ်သည်ဟောင်းများအဖွဲ့” ကိုဖွဲ့စည်းခဲ့..
ပါသည်။
     ၂၀၀၆-ခုနှစ်တွင်..အမေရိကန်ပြည်ထောင်စု၌..မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက်..
ခရီးရှည်ချီတက်ပွဲနှင့်အခြားဒီမိုကရေစီရေးလှုပ်ရှားမှုများတွင်လည်း..တက်ကြွစွာပါဝင်ခဲ့ပါသည်။
     ၂၀၀၇-မေ-လတွင်ကျောင်းသားတပ်မတော်၌..ပြန်လည်တာဝန်ထမ်းဆောင်နေရင်း...
ကျန်းမာရေးအခြေအနေကြောင့်..မဲဆောက်သို့တက်ရောက်အနားယူရင်း..ဒီမိုကရက်တစ်..
ရဲဘော်ဟောင်းများအဖွဲ့တွင်..နာယကအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည် ။
     ဆရာမကြီးဒေါ်နုနုအေးသည်..တော်လှန်ရေးရဲဘော်များကိုသားသမီးများကဲ့သို့ဆက်ဆံ
ရုံသာမက..ဒီမိုကရေစီတော်လှန်ရေးဖက်သို့ကူးပြောင်းလာသော..ရဲဘော်များ..ကလေး
စစ်သားများကိုပါ..နွေးထွေးပြူငါစွာဆက်ဆံမှုကြောင့်..လူငယ်များက“အမေ” ဟု...
လေးစားမြတ်နိုးစွာခေါ်ဆိုကြပါသည်။ တပ်မတော်သားဟောင်းများ..ကလေးစစ်သား
များကို..ပြန်လည်ပြုစုပျိုးထောင်ရေးစခန်းကိုလည်း...ကြီးကြပ်တာဝန်ယူခဲ့ပါသည် ။
ထို့နောက်..(ဘုရားသား..ကျောင်းသား..တပ်မတော်သား)တည်းဟူသော“သား၃သား”
ပူးပေါင်းလှုပ်ရှားမှုကော်မတီကိုဖွဲ့စည်းကာ..ဥက္ကဌအဖြစ်တာဝန်ယူခဲ့ပါသည်။
၂၀၀၈-မတ်လ-၂၇-နေ့တွင်“သား၃သားနှင့်ပြည်သူညီ၊အာဏာရှင်တွေဘာလဲဘယ်လဲ”
အမည်ရသော..စစ်အာဏာရှင်ကိုထိုးနှက်တိုက်ခိုက်သည့်..သံချပ်ခွေကို..ဦးဆောင်..
စီစဉ်ထုတ်ဝေခဲ့ပါသည်။
     ဆရာမကြီးဒေါ်နုနုအေးသည်..၉-၁၁-၂၀၀၈-ခုနှစ်-ညနေ-၅း၅၀-တွင်..ထိုင်းနိုင်ငံ
မဲဆောက်မြို့..မယ်တော်ဆေးခန်း၌..လူကြီးရောဂါဖြင့်ကွယ်လွန်ခဲ့ပါသည်။
ဆရာမကြီးသည်တပ်မတော်အရာရှိတဦးနှင့်အိမ်ထောင်ကျခဲ့ပြီး..သမီး-၄-ဦးမွေးဖွါး
ခဲ့ပါသည်။
၈၈၈၈-တော်လှန်ရေးစတင်ချိန်မှစ၍..စစ်အာဏာရှင်ဆန့်ကျင်ရေး..မြန်မာနိုင်ငံ
ဒုတိယလွတ်လပ်ရေးတိုက်ပွဲများတွင်ပါဝင်ခဲ့ပြီး..ဘဝရဲ့နောက်ဆုံးအချိန်အထိ..
တော်လှန်ရေးတာဝန်များထမ်းဆောင်ခဲ့သော..တပ်မတော်လေမှ..အုပ်ခွဲတပ်ကြပ်ကြီး..
ဒေါ်နုနုအေးကဲ့သို့သောမျိုးချစ်တပ်မတော်သားသူရဲကောင်းများကို..ခေတ်သစ်မြန်မာ့
သမိုင်းတွင်မှတ်တမ်းတင်ထားမှာဖြစ်သလို..မြန်မာနိုင်ငံသားများကလည်းဘယ်တော့
မှမေ့ပြောက်သွားလိမ့်မည်မဟုတ်ပါ။ ကျန်ရစ်သူမိသားစုနှင့်လည်းထပ်တူထပ်မျှ..
ဝမ်းနဲကြေကွဲနေကြရပါသည်။

ဆရာမကြီး..မာမီ..အမေ..ဒေါ်နုနုအေး..ကောင်းရာသုဂတိလားပါစေ.....

ကိုခိုင်
၂၃-၁-၂၀၁၁
၁၇း၅၀

အမေဒေါ်နုနုအေး၏ကိုယ်ရေးရာဇဝင်အကျဉ်း

အမည်                ဒေါ်နုနုအေး
အဖအမည်           ဦးစံရွှေ
အမိအမည်           ဒေါ်ငြိမ်းသွယ်
မွေးဖွါးရာဇာတိ      နောင်ကုလားကျေးရွာ ၊ သထုံခရိုင်
မွေးဖွါးသည့်ခုနှစ်    ၁၉၃၈
လူမျိုး                  ပအို့ဝ်
ရာထူး                 အုပ်ခွဲတပ်ကြပ်ကြီး(တပ်မတော်လေ)
ကိုယ်ပိုင်အမှတ်     လေ/၁၁၁၄၃
                        လေယာဉ်ပုံဆွဲဌာန
                        ကာကွယ်ရေးဝန်ကြီးရုံး(လေ)