“သား” ညီ အောင်ပွဲ

 “ သား ”  ညီအောင်ပွဲ

  ကိုခိုင်  
      
                  
“ကျီးဖြူ” လား...

“ကျီးမဲ” လား...

“ကျီးစပ်ကြား” တွေလား...။

“ကျီးစပ်ကြား” တွေကတော့...လူကိုတောင် အန္တာရာယ် ပြုတယ်။


ဒေါ်လာနဲ့ ဦးဏှောက်ကို ဖုန်းအုပ်ထားတော့...

သင်ယူခဲ့တဲ့ အဆင့်မြင့်ပညာ

အမြင်အာရုံကို ဝေဝါးစေသလား...

ရေ မြေ မကောင်းလို့ ဖြစ်လိမ့်မယ် ။



“စည်းလုံးခြင်းသည် ခွန်အား”

လူတိုင်း ပါးစပ်ဖျား ရေပန်းစား ပေမဲ့...

“သူတလူ ငါတမင်း” နဲ့...

နိုင်ငံငယ်လေးတွေ တည်ဆောက်လို့

အနှီ ဒေသတွေမှာ...

ဆင်ခြင်တုံ တရားကို နယ်နှင်ဒါဏ် ပေးထားပုံရတယ် ။


တချို့အရပ်တွေမှာတော့...

ဗြောင်လိမ်နေတဲ့ ပြကွက်ကို

ပူးကပ် ဖြေပြမယ် ဆိုတော့...

အပေါစားပြဇာတ် ထဲက

ခပ်ညံ့ညံ့ ပျက်လုံးတခုလို ။


ပေါလော ပေါ်နေတဲ့...

အရက်ခွက်ထဲက ဂုဏ်သိဏ္ခာ

ပျော်ကျသွား တဲ့အချိန်မှာ...

ကျွန်းပင်အောက်က...

သူရဲကောင်းများရဲ့ဝိညာဉ်

အခိုးအငွေ့အဖြစ် ပြောက်သွားမယ် ထင်နေလို့လား...။


.....ဆိုသူတွေက

ယုံကြည်ချက် နဲ့ အဿပြာ ဖလှယ် ကြတော့

ရိုးသားမှုတွေက ချောင်ထဲမှာ...

ရင်ဘတ်က စိုက်ဝင်နေတဲ့ မြားတွေနဲ့...

ကြောဖက်က ဓါးတွေကိုတော့ အများအတွက်ဆိုပြီး...

နာကျင်စွာ လစ်လျှုရှုခဲ့ရ ။့ 



ပြည့်လျှံလာတဲ့ ဦးဏှောက်ထဲ

အမှိုက်တွေများ ထည့်မိလေသလား...

ဇဝေဇဝါ ဖြစ်နေချိန်...

“စစ်”ကနဲ နာကျင်သွားချိန်မှာ...

ပင့်ကူမဲကြီးတကောင်

ဘယ်အချိန်ကတည်းက ချောင်းနေမှန်းမသိ ။


ရွာသူပြုစားလို့...

ထွေပြားတဲ့စိတ်တွေနဲ့ဝေဝါးပြီး

အဖြေမှားသွားပါတယ် ဆိုရင်...

အမှန်အကန် အသိတရားတွေနဲ့

အချိန်မှီ ကု စားလို့ရသေးတယ်...

ဒါပေမဲ့.....

မကြာခဏတော့ မဖြစ်နိုင်ဘူး ။

စုဆောင်းထားတဲ့ သင်္ခန်းစာ

အထုတ် ၂၀ ကျော် ရှိတယ် ။


မယုံမရှိကြလေနဲ့...

အက်ကွဲရာ တွေနဲ့ သံမဏိတံတိုင်း...

အနှစ် ၂၀ ကျော်အောင်

“ခေါင်း”တွေနဲ့ တိုက်ခဲ့ကြလို့ ဆိုရင်...

ဘယ်သူ ငြင်းနိုင်မှာလဲ ။

သေခြာတာက...

အဆုံးသတ် တိုက်ပွဲအတွက်

“သား” တွေညီဖို့ လိုတယ်

“နက္ခတ်” အချိန် စောင့်မနေကြပါနဲ့...

လာ...ခုပဲ စလိုက်ကြရအောင်.....   ။              ။


(ကျီးစပ်ကြား = AUSTRALIA နိုင်ငံတွင်ရှိသော အဖြူနှင့်အမဲ
 အရောင်ပါရှိသော ကျီးတမျိုးဖြစ်ပြီး လူများအားအန္တရာယ်
 ပြုတတ်ပါသည်။)                      

( ဒီကဗျာကို ဟစ်တိုင် www.hittai.net မှဖော်ပြပေးခဲ့ပါသည်။
  ဟစ်တိုင်ကိုကျေးဇူးတင်ပါသည်။)

ကိုခိုင်
၂၅.၁.၂၀၁၀

ကျေးဇူးတင်ပါသည်

-ဆရာကြီး မင်းသုဝဏ်၏ ကဗျာခေါင်းစဉ်က

“လယ်တောကအပြန်” ဟု ”မမိုမိဂျိ” မှပြောပါသည်။

ကျေးဇူးပါ။

ခေါင်းစဉ်မမှတ်မိသော.....နှစ်သက်မိသော...

-ငယ်ငယ်တုံးက...

အရမ်းကြိုက်ခဲ့ရတဲ့...

အခုလည်း...

နှစ်သက်နေဆဲဖြစ်တဲ့...

ကဗျာတပုဒ်ပါ။

ဆရာကြီး မင်းသုဝဏ် ရေးခဲ့ပါတယ်။


-လယ်တောကအပြန်...

ပန်ချင်တယ် ခရေဖူးဆိုလို့...

မောင်ခူးကာပေး...

-မနက်တုံးဆီကပေါ့ကွယ်...

ကြော့ဆုံးကို မောင်မြင်တော့...

သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့...

ဂုဏ်တင့်တယ်လေး ။ ။

(ဆရာကြီး မင်းသုဝဏ်)

ဘယ်လောက်ကောင်းမလဲ ၂၀၁၀

-ရွေးကောက်ပွဲအစား...
စားပွဲဝိုင်း တွေမှာ ဆွေးနွေး ကြမယ် ဆိုရင်...

-တိုက်ခိုက်မှုတွေအစား...
ငြိမ်းချမ်းရေး တွေနဲ့ အစားထိုးမယ် ဆိုရင်...

-ဖမ်းဆီးမှုတွေအစား...
လွတ်ငြိမ်းခွင့် တွေကို မြင်ရမယ် ဆိုရင်...

-ငိုကြွေးသံတွေအစား...
ရယ်မောသံတွေ ကျယ်လောင်နေမယ် ဆိုရင်...

-အမျက်ဒေါသတွေအစား...
ကြင်နာမှုတွေ လွှမ်းခြုံနေမယ် ဆိုရင်...

-ဆာလောင်မှုတွေအစား...
ထမင်းဝိုင်းတွေမှာ ပြည့်စုံမှုတွေ ရှိနေမယ် ဆိုရင်...

-အာဏာရှင်တွေအစား...
ပြည်သူ့အစိုးရတွေ ပေါ်ထွက်လာမယ် ဆိုရင်...

-ခွဲခွါမှုတွေအစား...
မိသားစုတွေ ပြန်လည်ဆုံတွေ့ရမယ် ဆိုရင်...

-ဆိုရင်...

-ဆိုရင်...

-ဆိုရင်...

-၂၀၁၀...ရေ...
လှိုက်လှိုက် လှဲလှဲ ကြိုဆိုလိုက်ပါရဲ့။ ။

ကိုခိုင်