-စက္ကူစုပ်လောက်တောင်တန်ဖိုးမရှိတဲ့
နာဂစ်ဥပဒေမှာ
ဘာမှမရှိဘူး ။
-တမတ်ဖိုးထဲပါဆိုပြီး.....
တကျပ်ဖိုးမက သိမ်းယူမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-အရပ်သားအစိုးရပါဆိုပြီး.....
ဗိုလ်ချုပ်ကြီးတွေသာ ကြီးစိုးစေမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-လွှတ်တော်တွေနဲ့ပါဆိုပြီး.....
အမတ်တွေအတွက်လုပ်ပိုင်ခွင့်မရှိစေမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-တိုင်းရင်းသားအခွင့်အရေးပေးထားပါတယ်ဆိုပြီး.....
သူတို့တွေရဲ့အမိန့်အတိုင်းသာလုပ်ဆောင်ရမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-ပြင်ဆင်ခွင့်ရှိပါတယ်ဆိုပြီး.....
သူတို့ထောက်ခံမှဖြစ်နိုင်စေမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-သမ္မတရှိပါတယ်ဆိုပြီး.....
ကာကွယ်ရေးဦးစီးချုပ်ကအုပ်ချုပ်မဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-ဥပဒေနဲ့အုပ်ချုပ်မှာပါဆိုပြီး.....
ဦးစီးချုပ်က တရားဝင်အာဏာသိမ်းနိုင်စေမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-အစိုးရအဖွဲ့ရှိပါတယ်ဆြို့ပီး.....
ဦးစီးချုပ်ကသာ စစ်တပ်ကိုကြိုးကိုင်နိုင်စေမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-မျှတတဲ့ဥပဒေတွေပါလို့ဆိုပြီး.....
သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်ကာကွယ်ပေးထားမဲ့
စစ်အာဏာရှင်ရဲ့ ဒီဥပဒေ ။
-ကဲ.........
-အဲဒီဥပဒေတွေကို.....
နဝေ တိမ်တောင် ဖြစ်နေစရာမလိုဘူး
လက်တလုံးခြားလုပ်တယ်ဆိုတာ
နာဂစ်ဥပဒေကိုခေါ်တာ.....။
-သေခြာတာက.....
ဗိုလ်ချုပ်ကြီးတွေနဲ့
အခွင့်အရေးသမားတွေအတွက်ကလွဲပြီး
ဘာမှမရှိဘူး.....
နာဂစ်ဥပဒေအလိုမရှိ ။ ။
-ကိုခိုင်
၂၇-၀၂-၂၀၁၀
(မြန်မာပြည်တွင်
စစ်အာဏာရှင်စနစ်
မြန်မြန်ကျဆုံးပါစေ)
စွဲထင်ကျန်ရစ်နေသော နှလုံးသားထဲမှအပိုင်းအစများ(၃)
“ကျောင်းဖွင့်ရင် ရည်းစားလေးကိုခေါ်ပြီး ဦးချစ်လ္ဘက်ရည်သွားသောက်မယ်”
“ကျောင်းဖွင့်ရင်လုပ်မနေနဲ့ ညနေကပဲ မင်းအဘတွေက
တိုင်းပြည် ချောက်ထဲကျတော့မယ်ဆိုပြီး
နောက်တခါ အာဏာသိမ်းလိုက်ပြန်ပြီမဟုတ်လား”
“ဟေ့.....မင်းရည်းစားကို တမ်းတမနေနဲ့ ည၁၁နာရီကျော်နေပြီ
ခုချိန်လောက်ဆိုရင် လည်ပင်း.........”
“ ဖခင် ဘုရင်ကြီးမှာ မကြားလိုပါ မကြားလိုပါ.....
သတ်လိုလျှင်သတ်ပါစေတော့.......”
မနီးမဝေးမှ အခြား ကျောင်းသားအဖွဲ့တခုမှ အခြင်းခြင်း
နောက်ပြောင်နေသံများကြောင့် သူ ပြုံးလိုက်မိသည်။
ဒီလိုအခြေအနေမျိုးမှာ သီချင်းဆိုနိုင်သူများလည်း
ရှိနေသေးသည်ဟု သူ တွေး၏။ လူအမျိုးမျိုးစိတ်အထွေထွေသာပင်။
အဆိုပါသူ၏ ရင်ထဲတွင်လည်းဘာတွေရှိနေလဲဆိုတာ
ဘယ်သူသိနိုင်တာမှတ်လို့ ။အများစုက ကိုယ့်ဒါဏ်ရာကိုယ်
လျှာနှင့်လျှက်၍ စိတ်တင်းနေကြသူများပင်။
ညနေက စစ်တပ်မှအာဏာသိမ်းလိုက်ကြောင်း ရေဒီယိုမှ
ကြေငြာပြီးချိန်မှစ၍ အခြားကျောင်းသားအဖွဲ့များနှင့်အတူ
သူတို့အဖွဲ့လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စုဝေးနေကြခြင်း
ဖြစ်သည်။တချို့က ဆူးလေဘုရားအနီးရှိ မြို့တော်ခန်းမရှေ့တွင်
ထိုင်လျှက်ဆန္ဒပြ နေကြဆဲဖြစ်သည်။ညနေစောင်းချိန်မှစ၍
ဆေးရုံကြီးသို့ ရန်ကုန်အနီးတဝိုက်မှ ဆန္ဒပြသူများ ထရပ်ကားကြီး
များဖြင့်ဖွဲဖွဲနှင့်ရောက်လာနေကြသည်။
မကြာသေးခင်ကကြားသော ဖုန်း သတင်းအရ
မြို့တော်ခန်းမအတွင်းရှိ စစ်တပ်က ဆန္ဒပြနေကြသူများကို
လူစုခွဲရန် အသံချဲ့စက်ဖြင့် သတိပေးနေကြောင်း သူတို့ကြားသိရ၏။
သူ့ အတွေးပင်မဆုံးလိုက် ဆူညံသော သေနတ်ပစ်သံများ
ကြားရပြီးနောက် ဆေးရုံကြီးတခုလုံး တိတ်ဆိတ်သွားခဲ့သည်။
မီးများကိုလည်းမှိတ်လိုက်သောကြောင့် မှောင်မဲသွားခဲ့သည်။
အုတ်နံရံသို့ ပြေးကပ်သူများ မြောင်းထဲသို့ ခုန်ချသူများနှင့်
လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ အတော်ကြာကြာ ပစ်ခတ်သံများ
ကြားရပြီးနောက် တိတ်သွားခဲ့၏။
“မြို့တော်ခန်းမရှေ့က ကျောင်းသားတွေကိုပစ်နေ့ပြီ
ပြီးရင် ဆေးရုံကြီးကိုရောက်လာနိုင်တယ် သတိနဲ့နေကြပါ”
တီးတိုးသတိပေးသံများ ကြားနေရ၏။ နာရီအနည်းငယ်ကြာသည်အထိ
ဘာသံမှ ထပ်မကြားရသောအခါ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာကြပြန်သည်။
သူ့အစုနှင့်သူ တီးတိုးစကားပြောသူပြော ကင်းလှည့်သူလည့်နှင့် ။
- - - - - - - - - - - - - - - - - - - - - - - - - -
ဆူဆူညံညံ အသံများကြောင့် သူ နိုးလာခဲ့လေသည်။
ညက သူတို့အဖွဲ့ လူနာဆောင်ရှေ့ရှိ ကတ္တရာလမ်းမပေါ်တွင်
အုတ်နီခဲများကို ခေါင်းတွင်ခု၍ လှဲနေသောကြောင့် ဆရာဝန်တဦးက
လူနာမရှိသော ကုတင်လွတ်များပေါ်တွင်အိပ်နိုင်စေရန်
စီစဉ်ပေးခဲ့လေသည်။ ပထမတော့ သူတို့အိပ်ရန် မရည်ရွယ်
သို့ပေမဲ့ တနေကုန်ဆန္ဒပြခဲ့သောကြောင့် အားလုံးပင်ပန်းလျှက်
ရှိနေခဲ့ကြသည်။မနက် ၃ နာရီကျော်တော့ ဟန်မဆောင်နိုင်ကြတော့။
“အောက်မှာ ကိုဇာဂနာတို့ ရောက်နေကြတယ်”
မျက်မှန်းတမ်းမိနေသော ကျောင်းသားတဦးက ပြောသောကြောင့်
သူတို့ အောက်ဆင်းခဲ့ကြသည်။
ဝိုင်းအုံနေသော လူအုပ်အလယ်တွင် ကိုဇာဂနာနှင့်အတူ ရုပ်ရှင်
မင်းသားတဦးကိုပါ တွေ့ရ၏။ကိုဇာဂနာက အခြေအနေအရပ်ရပ်ကို
အေးအေးဆေးဆေး ရှင်းပြနေသော်လည်း အဆိုပါ ရုပ်ရှင်မင်းသားက
လွန်စွာဒေါသထွက်နေသော အမူအရာဖြင့် စစ်တပ်မှသတ်ဖြတ်မှု
များအတွက် ဆဲဆို၍ ပြောဆိုနေလေသည်။
“ခင်ဗျားတို့ ဒီအထဲမှာ ဘာလုပ်နေကြတာလဲ
ဆန္ဒထွက်ပြကြပါ
ကြောက်နေကြလား”
အဆိုပါ ရုပ်ရှင်မင်းသား၏ စကားအဆုံးမှာတော့ ရန်ကုန်
အနီးတဝိုက်မှ ရောက်လာသူများက ဆန္ဒပြရန်
ဆေးရုံကြီးမှ ထွက်ခွါနေကြပေပြီ။
ကိုဇာဂနာ၏စကားအရ သူ ဆေးရုံကြီးသို့လာရာလမ်းတလျှောက်တွင်
ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေကြောင်း မကြာခင်
ဆေးရုံကြီးကို လာ၍ဝိုင်းနိုင်ကြောင်းနှင့် ဆေးရုံကြီးမှ
ရှောင်ကြရန် ပြောခြင်းဖြစ်ကြောင်း သူ နားလည်၏။
သတ်ကွင်းထဲသို့ ချီတက်ကြရန်တိုက်တွန်းသောစကား
တလုံးမှမပါ။ သို့ပါသော်လည်း ရုပ်ရှင်မင်းသား၏
နှိုးဆွပေးမှုက ကျေးလက်နေပြည်သူများ၏ ရင်တွင်းသို့
နက်ရှိုင်းစွာ တိုးဝင်သွားခဲ့ပေပြီ။
သူတို့လည်း ဘာမှမတတ်နိုင်တော့။
ခဏကြာသောအခါ ကျောင်းသားတဦးက ဒါဏ်ရာရလာသော
ကျောင်းသား ကျောင်းသူများ အများကြီးရောက်လာသောကြောင့်
ဝိုင်းကူကြပါရန် လာပြောလေသည်။
အရေးပေါ်ဖက်သို့ သူ ရောက်သွားသောအခါ
ငိုကြွေးနေကြသူများ နံရံကို လက်သီးနှင့် ထိုးနေကြသူများနှင့်
ဒါဏ်ရာ ရ နေသောလူနာများအကြား အလုပ်ရှုပ်နေကြသော
ဆရာဝန် ဆရာမ များကိုတွေ့ရလေသည်။
ဒါဏ်ရာရနေသောသူများကိုကြည့်ရင်း သူ ကြောင်နေမိ၏။
အတန်ကြာ၍ သတိထားမိတော့မှ သူ့ မျက်စိတည့်တည့်မှ
သူ့ ကိုကြည့်နေသော ကျောင်းသူလေးတဦး...။
အင်္ကျီအဖြူကလေးနှင့် ထမီအစိမ်းကလေးက သွေးများဖြင့်
မြင်မကောင်းစွာ ရွဲနစ်လျှက်ရှိလေသည်။ ငယ်နုသောမျက်နှာလေးပေါ်တွင်
သွေးများပေကြံနေသော ဆံပင်များက အစုလိုက် အစုလိုက်
ဖရိုဖရဲနှင့် ဟိုတစုဒီတစု။ ဝဲဖက် ရင်အုံမှ သေနတ်ဒါဏ်ရာ
အပေါက်အတွင်းမှ သွေးများက ပွက်ကနဲပွက်ကနဲ အပြင်သို့
ထွက်ကျလျှက်ရှိနေဆဲ။ မျက်လုံးများကမူ စူးရှတောက်ပစွာဖြင့်
သူ့ ကြိုကည့်နေလေသည်။ မပြီးဆုံးသေးသောတိုက်ပွဲအတွက်
ကတိ တွေတောင်းနေသယောင်။
ထိုစဉ်ခဏ သူ့ သွေးများ ပွက်ပွက်ဆူလာသလို ခံစားရ၏။
အသံကုန် အော်ဟစ်လိုက်ချင်သော်လည်း နှတ်ဆွံ့နေသူ
တယောက်ပမာ ဖြစ်နေခဲ့လေသည်။ မျက်ရည်ပူများက
သူ့ပါးပြင်နှစ်ဖက်မှာစီးကျလျှက် ။
“မိုက်ရိုင်းလိုက်ကြတာ ရက်စက်လိုက်ကြတာ”
“ညီမလေးရယ် ကိုယ် ကတိပေးပါတယ်”
သူ တိုးတိုးလေး ရေရွတ်နေမိလေသလား သတိမထားမိတော့။
“သွားကြပါတော့ ထွက်ကြပါတော့
မကြာခင် လာဝိုင်းတော့မှာ”
တရှိုက်ရှိုက် ငိုကြွေးနေရင်းမှ သတိပေးစကားလိုက်ပြောနေသော
ဆရာဝန်ဟုယူဆရသူ အမျိုးသမီးကြီး၏အသံကြားမှ
သူ အသိပြန်ဝင်လာသည်။ ဆေးရုံကြီးအနီးရှိ ကားလမ်းမပေါ်
တွင်လည်း ပစ်ခတ်သံများ ကြားနေရပေပြီ။
“အချိန်မရှိတော့ဘူး ဘရားသားရေ သွားကြရအောင်ဗျာ”
တခါမှ မမြင်ဖူးသောကျောင်းသားတဦး၏ဆွဲခေါ်မှုကြောင့်
သူ ယက်ကန်ယက်ကန်နှင့် ပါလာခဲ့၏။
စုရပ်ကို သူ ရောက်တော့ သူ့ ကိုပျောက်လို့လိုက်ရှာနေသော
သူငယ်ချင်းများနှင့်ပြန်ဆုံရ၏။ သူတို့အဖွဲ့အပါအဝင်
လူအနည်းငယ်သာ ကျန်တော့သည်။ သူတို့အတွက် ရွေးစရာလမ်း
တခုတည်းသာရှိတော့၏။ အနီးဆုံးထွက်ပေါက်က ကားလမ်း
တဖက်ရှိ သရက်တောဘုန်းကြီးကျောင်းများဆီသို့သာ။
သူတို့အဖွဲ့ကားလမ်းပေါ်အရောက် ထောင့်ချိုးတနေရာမှ
ချိုးကွေ့လာသောစစ်ကားများပုံစံက မြို့တွင်းသို့
သောင်းကျန်းသူများ ဝင်စီးသောပုံစံမျိုးဖြစ်လေသည်။
ဆူညံနေသော သေနတ်သံများကြားမှ သရက်တောဘုန်းကြီးကျောင်းများဆီသို့ .....။ ။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အားးးးးးးးးးးးးးးးးး
( မြန်မာ စစ်အာဏာရှင်အဆက်ဆက်အား
ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးသွားကြကုန်သော
သူရဲကောင်း ရဟန်း ကျောင်းသား ပြည်သူအပေါင်း
ကောင်းရာသုကတိလားကြပါစေ)
ကိုခိုင်
၂၆-၀၂-၂၀၁၀
(ကိုဇာဂနာနှင့်ဆေးရုံကြီးသို့လာသောရုပ်ရှင်မင်းသားမှာ
ကိုကျော်သူ မဟုတ်ပါ)
စစ်အာဏာရှင်စနစ် အမြန်ကျဆုံးပါစေ။

ဝမ်းမြောက်ဖွယ်ရာ သတင်း (၁)
“ဘဘဦးတင်ဦး လွတ်မြောက်လာပြီ”
ကြားစကပင် လွန်စွာဝမ်းသာသွားခဲ့သည်။
AUSTRALIA ရုပ်မြင်သံကြားဋ္ဌာန ၂ ခုမှလည်း ထုတ်လွှင့်ပြသ
သွားခဲ့သည်။ ဘဘဦးတင်ဦးသည် ကိုယ် လေးစားသော
တပ်မတော် ခေါင်းဆောင်တဦုးဖြစ်ပါသည်။
ဘဘဦးတင်ဦးသည် ဗိုလ်ချုပ်ကြီးတာဝန် ထမ်းဆောင်စဉ်
ကတည်းက လက်အောက်ငယ်သားများ၏ ချစ်ခင် ကြည်ညို
ို
လေးစား အားကိုးမှုကို ခံရသော တပ်မတော်ခေါင်းဆောင်
တဦးဖြစ်ကြောင်း ကြားသိရပါသည်။
ရိုးသားသော ပြုံးရွှင်စွာစကားပြောတတ်သော
လူငယ်များကိုတန်ဖိုးထားတတ်သော လူကြီးတဦးအဖြစ်
ကိုယ်တိုင်ကြုံတွေ့ ခဲ့ရဘူးပါသည်။
မြန်မာပြည်စစ်အာဏာရှင်စနစ်အောက်မှ
လွတ်မြောက်ရေးအတွက် ကိုယ်တိုင်ဦးဆောင်ပါဝင်၍
ပြည်သူ့ဖက်မှ မားမားမတ်မတ်ရပ်တည်သည့်
မျိုးချစ်တပ်မတော်သားများကလည်း ကြည်ညိုလေးစား
သည့် မျိုးချစ်တပ်မတော်သားများကလည်း ဝိုင်းရံမည့်
ဗိုလ်ချုပ်ကြီးဟောင်း ဘဘသူရ ဦးတင်ဦး လွတ်မြောက်
လာသည့်အတွက် မြန်မာပြည်သားအပေါင်းကလည်း
ဝမ်းမြောက်ဝမ်းသာရှိကြမည်မှာ အသေအခြာပင်ဖြစ်ပေသည်။
ဘဘဦးတင်ဦးအနေဖြင့် အမိမြန်မာပြည်လွတ်မြောက်ရေး
အတွက် အစွမ်းကုန်ဆောင်ရွက်တော့မည်ဟု ယုံကြည်မိပါသည်။
-အန်တီ ဒေါ်အောင်ဆန်းစုကြည် ကျောင်းသားခေါင်းဆောင်များနှင့်
နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက်
ဆောင်ရွက်နိုင်ပါစေ။
-အမြန်ဆုံး ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးအတွက်
ဆောင်ရွက်နိုင်ပါစေ။
-မြန်မာပြည် အေးချမ်းသာယာဝပြောတိုးတက်စေရေးအတွက်
ဆောင်ရွက်နိုင်ပါစေ။
ဘဘဦးတင်ဦး သက်တော်ရာကျော်ရှည်ပါစေ ခင်ဗျာ။
လေးစားစွာဖြင့်
ကိုခိုင်
၁၄.၀၂.၁၀
(ဝမ်းမြောက်ဖွယ်ရာသတင်းများ ဆက်တိုက်ဖြစ်လာစေရန်
ရည်ရွယ်၍ ခေါင်းစဉ်ကို အမှတ်စဉ်-၁-အဖြစ်သတ်မှတ်ခဲ့ပါသည်။)

လမင်းလေးသို့အိတ်ဖွင့်ပေးစာ
“ချစ်သူများနေ့” တဲ့
ဘယ်နေရာသွားသွား “သူ့”ကိုကြိုဆိုဖို့ ပြင်ဆင်နေကြတယ်။
အသဲ ပုံတွေပြည့်လျှံ နေတဲ့ ကမ္ဘာကြီး.....
နှင်းဆီပန်းတွေ ပြန့်ကြဲနေတဲ့ ကမ္ဘာကြီး.......
လောလောဆယ်.....
အချစ်တွေ ဖုံးလွှမ်းနေတဲ့ ကမ္ဘာကြီး.....
“ချစ်သူများရယ်”
ကိုယ့် ကိုလဲ ကြိုဆိုခွင့်ပြုကြပါ။
ကိုယ့်စိတ်ကူးထဲက...နတ်သမီး...အဲ...း)
မင်းသမီးလေးအတွက်...
အိပ်မက်ထဲက... ချစ်သူလေးအတွက်...
“လမင်းလေးသို့အိတ်ဖွင့်ပေးစာ”
လမင်းလေးရယ်.....
ချစ်သူလေးရယ်.....
မင်းကို သိပ်ချစ်တယ်။
လမင်းလေးရယ်.....
စကားတတ်တဲ့ ချစ်သူလေးက...
ရှေ့နေ လုပ်မယ်ဆိုရင်.....
ဥပဒေလောကကြီးတခုလုံး တုန်လှုပ်သွားလိမ့်မယ်။
လမင်းလေးရယ်.....
ချစ်စဖွယ် အမူအရာလေးတွေရှိတဲ့ချစ်သူလေးက...
သရုပ်ဆောင်မယ်ဆိုရင်...
“ဟောလိဝုဒ်” မြန်မာပြည်ပြောင်းလာလိမ့်မယ်။
လမင်းလေးရယ်.....
သာယာတဲ့အသံရှိတဲ့ ချစ်သူလေးက...
သီချင်းဆိုမယ်ဆိုရင်...
“ဘရစ်သနီစပီးရား” မျက်ခုံးလှုပ်သွားလိမ့်မယ်။
လမင်းလေးရယ်.....
ကြင်နာသနားတတ်တဲ့ ချစ်သူလေးက...
ဒုက္ခရောက်နေသူတွေကို ကူညီမယ်ဆိုရင်...
ဒိုင်းနမိုက်တီထွင်ခဲ့တဲ့လူကြီးရဲ့အဖွဲ့က
“နိုဘယ်” ဆု ပေးလိမ့်မယ်။
လမင်းလေးရယ်.....
ကျက်သရေရှိတဲ့ ချစ်သူလေးက
အလှမယ် ပြိုင်ပွဲ ဝင်မယ်ဆိုရင်...
“ဒေါ်နယ်ထရန့်”က ဖိတ်စာပို့လိုက်လိမ့်မယ်။
သို့ပေမဲ့ကွယ်.....
လမင်းလေးရယ်.....
မင်းရဲ့ ရှည်လျှားနက်မှောင်နူးညံ့တဲ့ ဆံပင်လေးတွေကို
ကိုယ်တယောက်တည်း နမ်းပါရစေ။
မင်းရဲ့ သာယာတဲ့ အသံလေးတွေကိုလဲ
ကိုယ်တယောက်တည်း ကြားပါရစေ။
မင်းရဲ့ လှပတဲ့အပြုံးလေးတွေကိုလဲ
ကိုယ်တယောက်တည်း မြင်ပါရစေ။
မင်းရဲ့ ချစ်စဖွယ်အမူအရာလေးတွေကိုလဲ
ကိုယ်တယောက်တည်း ကြည့်ပါရစေ။
မင်းရဲ့ အချစ်တွေအားလုံးကိုလဲ
ကိုယ်တယောက်တည်း ပိုင်ဆိုင်ပါရစေ။
ကိုယ့်ရဲ့ အချစ်တွေအားလုံးကိုလဲ
မင်းတယောက်တည်းကိုပဲ ပိုင်ဆိုင်ခွင့်ပြုပါရစေ။
လမင်းလေးရယ်...
ချစ်သူလေးရယ်.....
မင်းကို သိပ်ချစ်တယ်။ ။
ကိုခိုင်
၁၄.၀၂.၂၀၁၀
်
စွဲထင်ကျန်ရစ်နေသော.....နှလုံးသားထဲမှအပိုင်းအစများ ( ၂)
“ခင်ဗျား...သွားစေ့ပြီး လျှာထုတ်တတ်လား”
သူ ဒီစခန်းကို ရောက်စက မေးခွန်းပေါင်း မြောက်များ
စွာထဲက တခုပင် ဖြစ်၏။ တော်လှန်ရေးနယ်မြေ ရောက်
တာမကြာသေးသော သူ့ထံမှ မကြာသေးမီက ဖြစ်ပျက်
ခဲ့သော ရန်ကုန်မှအဖြစ်အပျက်များ အဖွဲ့အစည်းများ
အကြောင်း သူတီု့အရမ်းသိချင် နေကြသည်။
ရောက်စကတဲက သူပြောပြခဲ့သော အကြောင်းအရာ
ပေါင်းများစွာကို သူတို့စိတ်ဝင်တစား နားထောင်ခဲ့ကြသည်။
သူ့ထက်ကြီးသူများအပြင် သူ့ထက်ငယ်သူများနှင့်လည်း
ဒီစခန်းတွင်တွေ့ရသည်။ လူတန်းစား အမျိုးမျိုးကို တွေ့ဆုံရ
သည်ဟုဆိုလျှင် ပိုပြည့်စုံပေမည်။ထိုအထဲတွင် ပျော်ရွှင်ဖွယ်
မေးခွန်းများ စကားများပြော၍ ခင်မင်အောင် နေတတ်သူ
ရှိသလို မနေတတ် သူများရှိသည်ကိုလည်း သူ
သတိထားမိသည်။ထိုအထဲမှ ကပ်သီးကပ်သတ် မေးခွန်း
တွေကြောင့် တခါတလေ အဆင်သင့် အဖြေကမရှိ။
မေးခွန်းအဆုံးမှာတော့ သူလည်း အူကြောင်ကြောင်
ဖြစ်ပြီး မသိမသာ အထာလေးနှင့် စမ်းကြည့်သေးသည်။
မေးခွန်းမေးသူကို ကြည့်လိုက်တော့ စပ်ဖြဲဖြဲ မျက်နှာနှင့်
ဖြစ်ပြီး ကျန်သူများကလည်း ပြုံးစိစိ မျက်နှာပေးများနှင့်...။
“မဖြစ်နိုင် တာ...”
“ကျွန်တော် လုပ်ပြနိုင်ရင် ဘာပေးမလဲ ”
ဘာပေးရ မလဲ ။တခုခုတော့ လှို့ဝှက်ချက်ရှိရမည်ဟု
သူ တွေး၏။ မဖြစ်နိုင်တာ လုပ်ပြမည် ဆိုတော့ စိတ်ဝင်စား
ဖို့တော့ကောင်းမည်။
“သုခိတာ နှစ်လိပ် ပေးမယ် ဘယ်လိုလဲ ” ဟု သူ ပြော၏။
ပထမတော့ နဲတယ်ဟု ပြောသေး၏။
အများက ဝိုင်းပြောတော့မှ သဘောတူသွား၏။
“ခဏပဲပြမှာနော် သေသေခြာခြာကြည့်.....ဒီမှာ...”
“ဝါး” ကနဲ ဝိုင်းရယ်လိုက်သံကြားမှာ သူ တောင်
ကြောင်တောင်တောင်ဖြစ်သွား၏။ သူ ကတော့
လိုက်မရယ်ဖြစ် အထူးအဆန်းတခုကို မြင်လိုက်ရသလို
အတန်ကြာ ငေးကြည့်နေမိလေသည်။
ကျိုးနေသောအပေါ်သွား နှစ်ချောင်းကြားမှ တစ်လစ်ကလေး
ထွက်လာသော လျှာ ကလေးက သူ့ကို ပြောင်ပြနေသလို.....
“ဘာဖြစ်လို့ သွား တွေကျိုးနေတာလဲ.....ရန်ဖြစ်တာလား...”
“မဟုတ်ဘူးဗျ ..ကျွန်တော်က တံတားနီအရေးအခင်းပြီးတော့
အဖမ်းခံ ရတယ် စစ်ကြောရေးမှာ စစ်ထောက်လှမ်းရေးက
နှိပ်စက်လို့ ဒီရှေ့သွားနှစ်ချောင်း ကြိုးသွားတာ ကျွန်တော်လည်း
အမှတ်တရအနေနဲ့ ပြန်မစိုက်တော့ပဲ ထားတာ တောခိုတဲ့အထိပဲ”
မေးပြီးမှ စိတ်မကောင်းဖြစ်သွားရသည်။
တောခိုလာသူတော်တော် များများကတော့ ဒါဏ်ရာဒါဏ်ချက်
လေးတွေ ကိုယ်စီနှင့်ဖြစ်သည်။ တချို့ကတော့ တော်လှန်ရေး
အစပိုင်းမှာပင် သူရဲကောင်းပီသစွာ အမိနိုင်ငံတော်အတွက်
အသက်ပေးလှူသွား ခဲ့ကြလေပြီ။ သူ တို့ကတော့ လောလောဆယ်
အသက်ရှင်နေကြဆဲမို့ တိုက်ပွဲဝင်နေကြဆဲပင်...။
နောက်ထပ်အသီးအပွင့်လေးတွေ ဘယ်လောက်
ကြွေ ကြ ရ ဦးမှာလဲ...။
ဘာဖြစ်လို့ နိုင်ငံသားအချင်းချင်း သတ်ဖြတ်နေရတာလဲ...။
နိုင်ငံတော်အတွက် အသက်ပေး၍ကာကွယ်ပါ့မည်ဟု
ကတိပြုထားကြသူတွေက လက်နက်မဲ့ ကိုယ့်ပြည်သူတွေကို
ဘာလို့ပြန်သတ်နေကြတာလဲ...။
တပ်မတော်သားတွေက အသိဥာဏ်မရှိကြတော့လို့လား...။
တပ်မတော်ထဲမှာရော ပညာတတ်တဲ့ ဆင်ခြင်တုံတရားရှိတဲ့
အရာရှိတွေ မရှိကြတော့ဘူးလား...။
အဲဒီ တပ်မတော်အရာရှိဆိုသူတွေကရော အမှန်တရားဖက်မှာ
ဘာလို့မရပ်တည်နိုင်ကြရတာလဲ.....။
သူ့ခေါင်းထဲမှာတော့ အတွေးများစွာနှင့် ရှိလေသည်။
ယ္ခင်က တပ်မတော်ကို ချစ်ခင် မြတ်နိုး အားကိုးသော ပြည်သူများ
ယ္ခုအခါတွင် မရှိတော့ပြီ။တပ်မတော်သည် အသွင်ပြောင်းခဲ့ပေပြီ။
လက်တဆုတ်စာ စစ်အာဏာရှင်များ၏ အသုံးချခံ လက်နက်ကိုင်
စက်ရုပ်လူသားများ အဖြစ်ပြောင်းလဲခဲ့ပေပြီ။
ပညာတတ်သော အသိဥာဏ်ရှိသော မျိုးချစ်သူရဲကောင်း
တပ်မတော်အရာရှိများက ဦးဆောင်ပြောင်းလဲမှသာလျှင်
ပြည်သူချစ်သော ပြည်သူ့တပ်မတော်သားများဘဝကို
ပြန်လည်ရရှိ နိုင်ပေမည်ဟု သူ ထင်မြင်မိ၏။
“သူရဲကောင်းဗိုလ်ကြီးအုန်းကျော်မြင့်ကို လွမ်းသည်”
ကိုခိုင်
၉-၀၂-၂၀၁၀
့်

စွဲထင်ကျန်ရစ်နေသော...နှလုံးသားထဲမှအပိုင်းအစများ(၁)
အရိုးကွဲအောင်အေးသည် ဆိုတာ ကိုယ်တွေ့ ကြုံနေရ ပေပြီ။ ဝါးကြမ်းခင်း အောက်မှ မီးဖိုက မီးညွန့်ပင် မရှိ ချင်တော့ ။
အိပ်မရမဲ့ အတူ ထ ပြီး မီးဖိုထဲသို့ ဝါးခြောက် လေးတွေ ထပ်ထဲ့ ရမလား သူ စဉ်းစားသည်။ ဒါပေမဲ့ စောင်ချုံထားတာ
မခွါချင် ။
အဝေးမှ ခွေး အူသံ လိုလို ကြားလိုက် ချိန်၌ အိပ်ယာဘေးတွင် ထားသော အေကေ ၄၇ ကို စမ်းလိုက်မိသည် ။
အေးစက်စက် အထိအတွေ့ကြောင့် ဖတ် ခဲ့ ဖူးသော ဝတ္တုတခုမှ “အမှောင် ထဲတွင် ပင် အေးစက်မာကြောသော
သေနတ် ဒင်ကို.....”ဟူသောစာသားကို အမှတ်ရလိုက် သဖြင့် ခပ်ယဲ့ယဲ့ ပြုံးလိုက် မိသည်။
“ချေ” ဟောက် တာဖြစ်မယ် ဟု သူ သတိရ သွားသည်။
လွန်ခဲ့သော မိုးရာသီက ”မက်ကသာ” ရွာ ဟောင်း သို့ရောက်ခဲ့စဉ်က သူ ပထမဆုံးအကြိမ်
ကြားခဲ့ရ ဖူးသည်။
ခရီးရှည် ကြီး၏ လမ်းခုလပ် တွင်ပင် အတွေ့အကြုံ ပေါင်းစုံ သူ ရရှိခွင့် ကြုံခဲ့သည်။
”မြစ်ဝါးကုန်း” ရွာအနီး တွင်လည်း တိုက်ပွဲနှင့် ကြုံခဲ့၏။ မက်ကသာ ရွာရောက်တော့ သူတို့အဖွဲ့တွင်
ဆန် နှင့် ဆား မှ လွဲ၍ ဘာမှမကျန်တော့ ။ ရှေ့မှာလည်း မိုးရာသီ တောင်ကျရေ တွေကြောင့်
“မက်ကသာ” ချောင်းက ကြောက်စရာ ကောင်းစွာ အော်မည်၍ စီးဆင်းနေ လေသည်။
“ချေ” ဟောက်သံ ကြားတော့ သူ နှင့်အဖော် တယောက် လာကြိုသော အဖွဲ့မှ သေနတ်ယူ၍
သွား ပစ်ရန် ကြိုးစား ခဲ့ကြသေးသည် ။ ရန်သူ့အခြေ အနေနှင့် လှိုမြောင် ကြီးများကြောင့်
အခွင့် မသာ ခဲ့ ။
သူ တို့ရောက်နေသော ရွာမှာလည်း လူများ စွန့်ခွါ ခဲ့ရသောကြောင့်
ရွာပါတ် လည်တွင် ချုံပုတ် များက ဝိုင်းရံထားပြီး သီးပင် စားပင် များက အရိုင်းစိတ်
ဝင်လျှက် ရှိနေပေပြီ ။ အဆိုပါ အပင်များတွင်ပင် အသီးတွေ မရှိကြတော့ ။
အမိုးနှင့် ဝါးကြမ်းခင်း ပါသော အိမ်ပျက် တော်တော် များများနောက်ဖက်
တွင်တော့ ချဉ်ပေါင်ရိုင်းများ နှင့် ငရုတ်စိမ်း များကိုတော့ ရှာ၍ရသေးသည် ။
သူ တို့တွင်ပါလာသော ဆန် ကုန်သောအခါ မဟာမိတ် ကရင် ထံမှ အလှည့်ကျ
သွားယူကြရသည် ။ တနေ့ သူ နှင့် အဖော်တယောက် ဆန် သွားသယ်တော့
ဆေးလိပ်သောက်၍ စကားပြောနေသော ကရင် စစ်သားများကို လမ်းခုလပ်တွင်
တွေ့ကြလေသည် ။ ထိုအချိန်က သူ့အနေနှင့် ဆေးလိပ် သိပ်မသောက်တတ်
သေးသော်လည်း သူများသောက် နေတာမြင်တော့ ခံတွင်းကချဉ် လာလေသည် ။
နှစ်ဦးသား တိုင်ပင် မထားပဲ ထို ကရင် စစ်သားများကို အတင်းဝင် ရောခဲ့ကြသည် ။
ရန်ကုန် က ပစ်ခတ် သတ်ဖြတ်မှုတွေ အကြောင်း စီကာ ပါတ်ကုံး သူ ပြောပြတော့
မျက်လုံးပြူး ပါးစပ် အဟောင်း သားနှင့် စုတ် တသတ်သတ် ပြု၍ နားထောင် ခဲ့ကြသည် ။
သူ့ စကားအဆုံးတွင် ရိုးသားဖြူစင်သော သူတို့မျက်နှာများတွင် စိတ်မကောင်းခြင်း
အရိတ်အရောင် တွေကို ထင်ထင်ရှားရှား တွေ့ခဲ့ရ၏ ။
“နင် တို့ ဗမာ အခြင်းခြင်း လည်း ပြန်သတ်တာ ပဲလား” ဆို သော စကားသံက
သူ့ နားထဲက တော်တော်နှင့် မထွက် ။
်ဘာပဲ ပြောပြော သူ တို့ ဆန်ထမ်းပြီး အပြန်လမ်း မှာတော့ မျက်နှာပွင့် ခဲ့ကြသည် ။
တောကြောင် ပေါင်တပေါင် နှင့် ဆေးရွက်ကြီး တထုပ် ရခဲ့ ကြ၍ဖြစ်၏် ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရင်ဘတ် နာလာသောကြောင့် ပက်လက် လှန်လိုက်ရ၏ ။
နဖူးပေါ် လက်တင် မလို လုပ်ပြီးမှ မတင်ဖြစ်တော့ ။
အယူမသည်း သော်လည်း ဒီခရီး ကို မကြာစေချင်ပါ ။
ငိုကြွေးနေသော မိခင်များ မျက်နှာကို မတွေ့လိုတော့ ။
ညနေ ထမင်းဝိုင်းလေးတွေမှာ ပျော်ပျော်ရွှင်ရွှင် လက်ဆုံစား နေကြသော
မိသားစု များကိုသာ မြင်တွေ့လိုတော့သည် ။
“မေမေေ၇ာ နေကောင်း ရဲ့လား”
“သား လူဆိုး ကို လွမ်းနေပြီ လား”
အတွေး တွေက ဟိုရောက် ဒီရောက်...။
အိပ်ရာပေါ်တွင် ပက်လက်လှန်ရင်း ခေါင်မိုးပေါ် မော့ကြည့်လိုက်တော့
အမိုးလုပ် ထားသော ဌက်ပျောရွက် အပြဲ ကြားမှ လပြည့်ည
လမင်း ကြီးက ပြုံးကြည့်နေသလို ။
အမေ ပြုံးပြီး ပြနေသလို သူ့စိတ်ထဲတွင် ထင်လာလေသည် ။
အမေ့ အကြောင်း တွေးမိတော့ ရင်ထဲတွင် နွေးသွားလေသည်။
အရိုးကွဲအောင် အေးနေသော ဆောင်း၏ အအေးဒါဏ် ကို သူ မမှုတော့သလို။
မိခင် ၏ မေတ္တာ ကြောင့်ဖြစ်မည် ဟု သူ တွေး၏ ။
အိပ်မရမဲ့ အတူတူ လမ်းထလျှောက်ရင် ကောင်းမယ်ဟု သူ စဉ်းစား၏။
စခန်း တခုလုံးက တိတ်ဆိတ် ငြိမ်သက်လျှက်။
ဝါးရွက်တွေ ကြားက တွေ့ရသော လဝန်းက ကြည်လင်သော
ကောင်းကင်တွင် ကဗျာဆန် နေသလို။
လမ်းလျှောက်ရင်း သူ တောင်ပေါ်တက်ခဲ့၏။
လရောင်က တောင်ပေါ်တွင် ဖြာကြလျှက်ရှိလေသည် ။
လဲ ကျနေသော သစ်ပင်တပင် ပေါ်တွင် ထိုင်ရင်း လပြည့်ဝန်းကို ငေးနေမိသည်။
အမေ့ ကို လွမ်းသလိုလို...။
တက္ကသိုလ်က သူငယ်ချင်း တွေကို လွမ်းနေသလိုလို...
မရှိသေးသော ချစ်သူ ကို လွမ်းနေသလိုလို...။
ဘာ မှန်း မသိ...။
“အမေ့ သားတော့ တော်လှန်တဲ့သူကြီး ဖြစ်နေပြီ အမေရေ့” ဟု
နှတ်မှ ဖွဖွ ရေရွတ် လိုက်မိ၏။ ထိုအကျင့်ကို သူ အမေ့အိမ်မှ ထွက်စဉ်အခါကပင်
အမှတ်မထင် မကြာခဏ လုပ်ခဲ့မိသည် ကိုအမှတ်ရ၏ ။
“အမေ့သားတော့ တော်လှန်ရေးခရီး စနေပြီ အမေ”
“အမေ့သား တော်လှန်သူတွေနဲ့ တွေ့ပြီ အမေ”
“တနေကုန် လမ်လျှောက်ရလို့ ခြေထောက်တွေ ယောင်ကိုင်း ပေါက်ပြဲကုန်ပြီ အမေ”
.......အစရှိသဖြင့်.......။
“ဒီနှစ် ပြီးတာနဲ့ အမေ့သားက ရှေ့နေကြီး လုပ်ပြီး အမေ့ကို ပြုစုမှာပေါ့” လို့
သူက ကလေးဆန်ဆန် ဆိုတော့ ခေါင်းလှမ်းပုတ်ပြီး ပြုံးနေတဲ့ အမေ့မျက်နှာ ကို
သူ ပြန်မြင်ရောင် နေမိ၏ ။
သား သမီး တွေဟာ အမေတွေရှေ့ မှာ ကလေး တွေလိုပါပဲ ဟု သူ တွေး၏ ။
အမေ့ကြောင်း တွေးနေရင်း တလောကအဖြစ်ကို သူ ပြန်အမှတ်ရ နေမိလေသည်။
သူ ခင်မင်ရသော ကျောင်းသားတပ်မတော် တပ်ရင်း (၁၀၂ ) မှ ကိုကိုဦး(ရေး)
တိုက်ပွဲတွင် ကျသွားသည် ဟူသော သတင်းဆိုးကို ကြားရခြင်းဖြစ်၏ ။
ရှေ့တန်းမထွက်ခင် နံနက်ခင်း တွင်ဘဲ “ပနန်းထော်” ဆိုသော ထိုင်း
ရွာကလေးတွင် သူ နှင့်အတူ ကျောက်ဖရုံသီးကြော် ၅ ဘတ်ဖိုးကို ပျော်ရွှင်စွာ
နောက်ပြောင်ပြီး ဝေမျှ စားသောက်ခဲ့ ကြသေးသည်။
ယ္ခုတော့ ကျဆုံးသွားခဲ့ ရှာပြီ။
“ရေး” မြို့နယ် ဇာတိဖြစ်သောကြောင့် သူ့ကို ရေး ကိုကိုဦး ဟု ခေါ်ကြကြောင်း
သူ အမှတ်ရ၏ ။ ခင် မင် နှစ်လိုဖွယ်ရာ အပြုံးကြောင့် လူချစ်လူခင် ပေါများလှသလို
ခေါင်းဆောင်ကောင်း ပီသသောကြောင့် ရဲဘော်များကလည်း ကိုကိုဦး ကို
ချစ်ခင်ကြကြောင်း သူ သိထား၏ ။
ခေါင်းဆောင်ကောင်း တယောက် သူရဲကောင်း တယောက်
ကျဆုံး သွားပြန်လေပြီ။ အဆိုပါ သူရဲကောင်း၏မိခင် ဘယ်လေက်
ခံစား ရမလဲ သူ မတွေးရဲ ။
ဒီ ခရီး ရှည်ကြီး အတွင်း သူရဲကောင်းတွေ ဘယ်လောက် ကျဆုံးရဦးမှာလဲ
သူ မတွေး လိုတော့.........။
အခါအခွင့် သင့်သော တနေ့ကျလျှင် သူတို့၏ အကြောင်းများကို
စုစည်း၍ တခန်းတနား မှတ်တမ်းတင် စာအုပ် ထုတ်မည်ဟု သူ တွေး၏ ။
“သူရဲကောင်းများ၏ ဒိုင်ယာရီ” ဟု ခေါင်းစဉ် ပေးမည်ဟု သူ တေးမှတ်၏ ။
ထိုခဏ၌ လောကကြီး တခုလုံး တိတ်ဆိတ်သွားသလို သူ ခံစားရ၏ ။
လရောင်အောက်တွင် တဖွဲဖွဲ ကျနေသော နှင်းများက မြန်မာပြည်မှ
ကျဆုံး သွားကြသော သူရဲကောင်း များအတွက် ငိုကြွေးနေသယောင်.......။
သူရော ငိုကြွေးနေသလား သူ့ကိုယ်သူ သတိမထားမိ...။
သူ့ ပါးစပ်မှတော့ ဖွဖွလေး ဆုတောင်း နေမိလေသည် ။
“မိခင်နှင့် သားသမီးများ ငြိမ်းချမ်းလွတ်လပ်စွာ အမြန်ပြန်လည် ဆုံတွေ့ကြပါစေ...”
“မိခင်နှင့် သားသမီးများ ငြိမ်းချမ်းလွတ်လပ်စွာ အမြန်ပြန်လည် ဆုံတွေ့ကြပါစေ...”
“မိခင်နှင့် သားသမီးများ ငြိမ်းချမ်းလွတ်လပ်စွာ အမြန်ပြန်လည် ဆုံတွေ့ကြပါစေ...” ။ ။
ကိုခိုင်
၁-၂-၂၀၁၀
ှ့
်
Subscribe to:
Posts (Atom)