မြင့်မြတ်တဲ့သူရဲကောင်းတွေပြန်လာပြီ



















မြင့်မြတ်တဲ့သူရဲကောင်းတွေပြန်လာပြီ

ကိုခိုင်


“ ကြား ” နေမိတာက...
“ နဂါးနီ ”  နဲ့  “ စည်ဗြောသံဝေ ”  ။

ကြီးမြတ်တဲ့ သူတို့ အတွက် ...
ဂုဏ်ပြု တန်ဆာဆင်မဲ့ စကားလုံးတွေကတောင်
တောက်ပြောင်အောင် လိုက်မမှီနိုင်ခဲ့ ကြစေသူတွေ ။

ကျောင်းနံရံတဝိုက်
ဒေါင်းအလံပြန်စိုက်မဲ့
မောင်းပြန် မကြောက်တဲ့သူတွေ ။

(မကြာသေးခင်က)
အတိတ် ငရဲခန်းတခွင်မှာ
မဖိတ်မစင်ခဲ့တဲ့ ဇာမဏီဌက်လို လူတွေ ။

စစ်အာဏာရှင် မှိုင်း
သံမဏိတံတိုင်းတွေကို
( နှစ်ရှည်လများ)
ခေါင်းနဲ့တိုက်ခဲ့ကြသူတွေ ။

ငြိမ်းချမ်းရေးအတွက်..
အမိနိုင်ငံအတွက်..
ပြည်သူတွေအတွက်..
မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်တွေ ။

သူတို့တွေ...
သူတို့တွေ...
မျိုးဆက်သစ်ခေါင်းဆောင်တွေ...
အနာဂါတ်ခေါင်းဆောင်တွေ...
မြင့်မြတ်တဲ့ သူရဲကောင်းတွေ ။              ။

(မြန်မာနိုင်ငံ အမြန်ငြိမ်းချမ်းပါစေ။)

ကိုခိုင်
၂၁း၃၃
၁၄.၁.၂၀၁၂

သမတကြီးကိုပြောပေးပါ။

သမတကြီးကို ပြောပေးပါ။

ကိုခိုင်


ကိုမင်းကိုနိုင်နှင့်တကွ ကျောင်းသားခေါင်းဆောင်များ ကျောင်းသူခေါင်းဆောင်များ
နိုင်ငံရေးအကျဉ်းသား တော်တော်များများကို လွှတ်ပေးလိုက်တဲ့အတွက်
အထူးပင် ကျေးဇူးတင်ရပါကြောင်းးးး

ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ ကိုလည်း
မကြာခင် လွှတ်ပေးမည်ဟု မျှော်လင့်မိပါကြောင်းးး

တလက်စတည်း ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
ဆိုတာကြီးကိုပါ အဝေးဆုံးသို့ လွှင့်ပစ် သို့တည်းမဟုတ်
မီးရှို့လိုက် စေလိုပါကြောင်းးး

ကာ-ချုပ် အပြင်သွားတုံးလေး အမြန်လုပ်လိုက်စေလိုပါကြောင်းးး
အဆိုပါ နာဂစ် ဥပဒေကို ဖျက်သိမ်းကြောင်းကြေငြာလိုက်ပါက
နောင်လာမည့် ဒီမိုကရေစီ ပညာရေးစနစ်တွင်
သမတကြီး၏ အကြောင်းကို တက္ကသိုလ် သင်ရိုးညွှန်းတန်းတွင်
ထည့်သွင်း ဖေါ်ပြပေးပါမည် ဖြစ်ပါကြောင်းးး

လူ များ သာဓုခေါ် နေချိန်တွင်
နတ် များပါ သာဓု ခေါ်ဆိုလာနိုင်ရန် အလားအလာ
များစွာရှိပါကြောင်းးး


(မြန်မာပြည် အမြန် ငြိမ်းချမ်းပါစေ။)


ကိုခိုင်
၁၃-၁-၂၀၁၂
၂၂း၅၀

အသွင်တူပေမဲ့ အဆင်မတူစေချင်ပါ

အသွင်တူပေမဲ့ အဆင်မတူစေချင်ပါ

ကိုခိုင်

သူတို့နှစ်ယောက်ဟာ ပြောင်တဲ့နေရာမှာ ( နဖူးရော၊ မျက်နှာရော ) တော်တော်
တူကြတယ်လို့ ၈၈-မျိုးဆက်တွေ ကြားမှာ ပြောဆိုနေကြသလို ပျော့ပျော့လေးနဲ့နံ အဲ .. လေသံပျော့ပျော့လေး နဲ့ပြောတတ်ကြတယ်လို့လဲ ပြောစမှတ် ဖြစ်နေပါတယ်။
သူတို့နှစ်ယောက်ကို မြန်မာပြည်က သတင်းစာမျက်နှာဖုံး တွေမှာ စာလုံးမဲကြီးတွေနဲ့
မကြာခဏ ဖေါ်ပြခြင်း ခံကြရ ပေမဲ့လည်း ခုချိန်ထိတရားစွဲခံရခြင်းမရှိ... အဲ ..
သွားမပျက် စားမပျက်ပါ။ သူတို့နစ်ယောက်ကတော့ သမတ တွေလို့ဆိုသူတွေပါ။
တဦးကတော့ မ.ဆ.လ စစ်အာဏာရှင်ရဲ့ လက်ညိုးထိုး ခန့်အပ်ခြင်း ခံရတဲ့   အရပ်သား
ဥပဒေ ပါရဂူ ဒေါက်တာမောင်မောင် ဆိုသူဖြစ်ပြီး ၊ နောက်တဦးကတော့ န.ဝ.တ စစ်အာဏာရှင်အဖွဲ့ထံကနေနောက်တဖန် စစ်တပ်ကပဲ အာဏာသိမ်းခဲ့ပြီး န.အ.ဖ
စစ်အာဏာရှင်အဖွဲ့ ဆိုပြီး နာမည်ပြောင်း ဖွဲ့ခဲ့တဲ့ စစ်အာဏာရှင်ရဲ့ လက်ညိုးထိုး
ခန့်အပ်ခြင်းခံရပြန်တဲ့ ဗိုလ်ချုပ်ကြီး (ဟောင်း) တဦးဖြစ်တဲ့ ဦးသိန်းစိန် ဆိုသူပဲ ဖြစ်ပါတယ်။


မြန်မာ့သမိုင်းမှာ အကြီးကြယ်ဆုံး အရေးတော်ပုံကြီး လို့ဆိုရမဲ့ ၈၈၈၈-အရေးတော်ပုံကြီးက ၂၆-နှစ်ကြာအောင် ပြည်သူတွေကို ညှင်းပန်းနိပ်စက် တိုင်းပြည်က သယံဇာတတွေကို
ခိုးဝှက် လုယက် ကြယုံ မက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်း ထဲကို ပို့ခဲ့တဲ့
စစ်အာဏာရှင်ကြီးကို ဖြုတ်ချနိုင်ခဲ့ကြပါတယ်။
အဲဒီ စစ်အာဏာရှင် ဗိုလ်နေဝင်းက သားသတ်သမားစိန်လွင် လို့ နာမည်ဆိုးနဲ့
ကြော်ကြားခဲ့တဲ့ ဗိုလ်စိန်လွင်ကို သမတ အဖြစ်ခန့်အပ်ခဲ့တဲ့ အချိန်ကစပြီး ဗိုလ်စိန်လွင်က
အပြစ်မဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီ တောင်းဆိုကြတဲ့ ရဟန်း ကျောင်းသား ပြည်သူ တွေကို
ရက်စက်စွာ ပစ်ခတ် သတ်ဖြတ် ဖမ်းဆီး နိပ်စက် ထောင်ချ ခဲ့ပေမဲ့ ၈၈-မျိုးဆက်များကြောင့် အရေးတော်ပုံကြီးဟာ ရပ်တံ့မသွားပဲ ပိုလို့တောင် နိုင်ငံအနှံ့မှာ ကြီးထွားလာခဲ့ ကြပါတယ်။ အဲဒါကြောင့်လည်း နောက်ကွယ်က ကြိုးဆွဲနေတဲ့ ဗိုလ်နေဝင်းဟာ အနုနည်းနဲ့ပြောင်းသုံးဖို့
အရပ်သား ဥပဒေပညာရှင် ဒေါက်တာမောင်မောင် ကို သမတ ရာထူးကို
လက်ညှိုးထိုး ခန့်အပ်ခဲ့ပါတယ်။


ဒေါက်တာမောင်မောင်

အဲဒီအချိန်က မြန်မာပညာရှင်တွေထဲမှာ ရှားပါးစွာရရှိထားတဲ့ ဥပဒေ ပါရဂူဘွဲ့ ပိုင်ရှင်
တယောက်ပါ။ လွန်စွာလည်းတော်သူ အရည်အချင်းရှိသူ တယောက်ပါ။ ဒါပေမဲ့ လူပေါင်း
မှားတဲ့အတွက် သေးသိမ် ညှိုးနွမ်းစွာနဲ့ ပြောက်ကွယ် သွားခဲ့ရပါတယ်။ ၂-၃-၁၉၆၂ 
စစ်အာဏာသိမ်းပြီး ၂၆-နှစ် အကြာမှာ သမတဖြစ်လာသူပါ။
သူ သမတ ဖြစ်လာချိန်ကစပြီး မာရှယ်လောတွေ ရုပ်သိမ်းခဲ့ပါတယ်။ အပစ်အခတ်တွေ
ရပ်စဲခဲ့ပါတယ်။ လူမြင်ကွင်း တော်တော် များများကလည်း တပ်တွေကို ဖယ်ရှားပြီး
တပ်တွေဖြောက်ထား စေခဲ့ပါတယ်။ အဲဒါတွေကြောင့်လည်း အထူးသဖြင့် ရန်ကုန်မှာတော့ တပ်မတော်သားတွေကို တွေ့ကြတာနဲ့ ပန်းစည်းဆက်ကြ တာတို့၊ ဆေးလိပ်နဲ့ စားကောင်း
သောက်ဖွယ် တွေပေးကြတာ လက်ခုတ်တီး အားပေးကြတာ တွေဟာ နေရာအနှံ့မှာ
ဖြစ်ခဲ့ပါတယ်။ တနည်းအားဖြင့် ပြည်သူများဟာ သဘောထားကြီးကြောင်း ၊ တပ်မတော်သား
တွေကို နားလည် ပါကြောင်း ၊ တပ်မတော်သားတွေနဲ့ ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်းချမ်းချမ်း
ပျော်ပျော်ရွှင်ရွှင် အတူတကွ နေလိုကြပါကြောင်း ပြသခြင်းလည်း ဖြစ်ကြပါတယ်။ 
ဒါပေမဲ့ ပညာတတ်တယောက်ရဲ့ ယုတ်မာမှုက မကြာခင်မှာ ရုပ်လုံး ပေါ်လာပါတော့တယ်။

သားသတ်သမား ဗိုလ်စိန်လွင် သမတဖြစ်တုံးက ည မထွက်ရ အမိန့် ထုတ်ထားခဲ့ပေမဲ့
နေ့ဖက် ဆိုရင် ဈေးသွားကြ ၊ ရုံးသွားကြ ၊ ဆိုင်ဖွင့်ကြနဲ့ အရောင်းအဝယ်
မပျက်သေးဖူးလို့ ဆိုရမှာပါ။ ပစ်ခတ်တာ ဆိုတာကလည်း ဆန္ဒပြတဲ့ အနီးပါတ်ဝန်းကျင်ပါ။
လသာ ဖက်မှာ ပစ်နေတယ်ဆိုရင် ကျောက်တံတားမြို့နယ်ဖက်မှာ အသွားအလာမပျက်ပါ။
ဆိုလိုချင်တာက ပြည်သူ အများကို တိုက်ရိုက်မထိခိုက် သေးဘူးလို့ ဆိုရမှာပါ။


ဒေါက်တာမောင်မောင်က စစ်အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်ပြီး ကိုယ့်ရပ်ကွက် ကိုယ်
အုပ်ချုပ်ကြဆိုပြီး လုပ်လိုက်ပြီးတဲ့ တချိန်တည်းမှာပဲ ဗိုလ်ခင်ညွန့် ဦးဆောင်တဲ့
စစ်ထောက်လှမ်းရေးကို အဖျက် လုပ်ငန်းတွေကို လူမဆန်စွာ လုပ်ခိုင်းခဲ့ ပါတော့တယ်။ စစ်ထောက်လှမ်းရေးတွေ အဆိပ်ခပ်ဖို့ ကြံစည်နေစဉ်မှာ ဖမ်းမိတယ်ဆိုတဲ့ သတင်းတွေ ၊
မီးကွင်းပစ်ဖို့ ကြံရွယ်စဉ် ဖမ်းမိတယ် ဆိုတဲ့သတင်းတွေ ၊ မသင်္ကာဖွယ်ရာ တွေ့လို့ဆိုပြီး
ဖမ်းခံကြရတဲ့ လူစိတ်ပျောက်နေတဲ့ သူတွေအကြောင်းတွေ ၊ သိမ်ကြီးဈေး အပါအဝင် ဈေး တော်တော်များများ အနီးမှာ စစ်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေက လမ်းဘေး
လောင်းကစားဝိုင်းတွေ ပေါ်လာအောင် လာလုပ်ကြလို့ နယ်မြေခံ လူငယ်တွေနဲ့
ကျောင်းသားတွေက ရိုက်လွှတ်လိုက်တဲ့ သတင်းတွေ ၊ နေရာအနှံ့ကနေ ကြားလာရသလို
တရပ်ကွက်နဲ့ တရပ်ကွက် အရေးတကြီးကိစ္စ မရှိပဲနဲ့ မသွားလာရဲ ကြတော့တဲ့
အခြေအနေတွေ ၊ နေ့ဖက် တနေကုန် ဆန္ဒပြကြပြီး ညဖက် ကိုယ့်ရပ်ကွက် ကိုယ်
ကင်းစောင့် ကာကွယ်ရတဲ့ အခြေအနေတွေဖြစ်အောင် ဖန်တီးပြီး တနိုင်ငံလုံး
၂၄-နာရီလုံး အထိတ်တလန့်နဲ့ ဖြစ်အောင် ဖန်တီးခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က
တနိုင်ငံလုံးက ပြည်သူများရဲ့ စည်းလုံးညီညွတ်မှုကို လွယ်လွယ်နဲ့ ဖြိုခွဲလို့ မရခဲ့ပါဘူး။
တနိုင်ငံလုံးအနှံ့ ဆန္ဒပြပွဲတွေမှာလည်း  ဆန္ဒပြသူများက မ.ဆ.လ အလံတွေ
ဇောက်ထိုးထောင်ကြ ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်တွေကို ဟောပြောပွဲ စင်မြင့်တွေ
ပေါ်မှာပဲ ခြေထောက်နဲ့နင်းပြကြနဲ့ ဖြစ်ကုန်ကြပါတယ်။ အဲဒီအချိန်က ခေတ်အစားဆုံး
ကြွေးကြော်သံ တခုကတော့ ...
“ နဖူး ပြောင်ပြောင် ဦးမောင်မောင် ၊ အရူးထောင်ကို ပို့လိုက် ပို့လိုက် ” ဆိုတာပဲ
ဖြစ်ပါတယ်။ အဲဒီလို ကြွေးကြော်သံတွေကို အဲဒီအချိန်က သမတ တာဝန် ယူနေရတဲ့
သရုပ်ဆောင် ဇာတ်လိုက်ကြီး ဒေါက်တာမောင်မောင်လည်း ကြားပုံရတယ်လို့
ယူဆရမှာပါ။ နေ့စဉ် ရက်ဆက်ဆိုတော့ ဇာတ်လိုက်ကြီးလည်း မခံနိုင်တော့ဘူးနဲ့ တူပါရဲ့
မြန်မာ့အသံနဲ့ မြန်မာ့ရုပ်မြင်သံကြား ကနေ မျက်နှာကြီး ထွက်ပြပါတော့တယ်။ လူကြီး
လူငယ် အကုန်လုံး ရုပ်မြင်သံကြား တွေရှေ့မှာထိုင်ပြီး ဝေဖန်ကြ သုံးသပ်ကြနဲ့ပေါ့။
များသောအားဖြင့်တော့ ဇာတ်လိုက်ကြီးက ကင်မရာကို မကြည့်ပဲ အသင့် ရေးထားတဲ့
စာရွက်မှာ သူဖတ်ရမဲ့ စာသားတွေကိုဘဲ လေသံပျော့ပျော့ လေးနဲ့ သနားစဖွယ်
ဖတ်ပြပါတယ်။ “ မစောင့်နိုင် ကြ..တော့..ဘူး..လား ၊ အေးချမ်းသာယာ တဲ့ တနေ့မှာ
ကျွန်တော်တို့ အားလုံးးး ပျော်ပျော် ပါးပါး ကြီး အတူတကွ ကျောင်းသားသမဂ္ဂ ကို
အုတ်မြစ် ချကြ ရအောင် ” လို့ ပြောတဲ့ အချိန်မှာ ဖွါးဖွါး တချို့က သူ့ရဲ့ သနားစဖွယ်
အသံနဲ့ အမူအယာကြောင့် ခေါင်း တငြိမ့်ငြိမ့်နဲ့ ဖြစ်နေချိန်မှာ လူငယ်တွေ
ကြားမှာတော့ “ ကြောင်ချီး ” ဆိုပြီး အသံထွက်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ တနေရာ
အရောက်မှာ ...“ နိုင်ငံတော် အလံတွေ ဇောက်ထိုး ထောင်လိုထောင်..
အခြေခံဥပဒေ စာအုပ်တွေ ခြေနဲ့နင်းလိုနင်း ...”
ဆိုတဲ့ စာကို ခေါင်းငုံ့ ဖတ်နေရင်းက ဆတ်ကနဲ ခေါင်းကိုမတ် ကင်မရာကို ကြည့်ပြီး
မျက်နှာ ခပ်တင်းတင်းနဲ့  အဆက်အစပ်မရှိ 
“ လူကြီး...လူကြီးမှန်း .. မသိ ”     လို့ ပြောလိုက်တော့ လူငယ်တွေက
ပြောင်မြောက်တဲ့ ပျက်လုံးတခုကို ကြားလိုက်ရသလို အော်ဟစ် ရယ်သံတွေ
အိမ်တော်တော် များများကနေပါ ကြားလိုက်ရ ပါတယ်။ အဲဒီလို ရုပ်မြင်သံကြားကနေ
ပြောပြီးမကြာခင်မှာ ...   ဗိုလ်စောမောင်
ဦးဆောင်တဲ့ စစ်တပ်က ၁၈-စက်တင်ဘာ-၁၉၈၈ မှာ စစ်အာဏာသိမ်းလိုက် ကြပါတယ်။

ဦးသိန်းစိန် ( ဗိုလ်ချုပ်ကြီး-ဟောင်း )

၁၈-စက်တင်ဘာ-၁၉၈၈-မှာစစ်တပ်က အာဏာသိမ်းပြီးနောက် ၂၃-နှစ် အကြာမှာ
ဗိုလ်ချုပ်ကြီး ဆိုတဲ့ အဝတ်အစားကြီးကို ကဗျာကယာချွတ်ပြီး စစ်အာဏာရှင်ကြီးရဲ့
လက်ညှိုးထိုး ခန့်အပ်မှုနဲ့ပဲ သမတ ဖြစ်လာသူ တဦးဆိုရင် မှားမယ် မထင်ပါ။
လက်ရှိ သမတ တာဝန် ယူထားတဲ့ သူ ဖြစ်ပါတယ်။ သူ သမတဖြစ်လာပုံကလည်း
အိပ်မက်ဆန်တယ် လို့ပဲဆိုဆို၊ ဒဏ္ဏာရီ ဆန်တယ်လို့ပဲ ပြောပြော ၊ မယုံရင် ပုံပြင်မှတ်လို့
သတ်မှတ်ချင် သတ်မှတ်..တကယ်ကို သမတ ဖြစ်လာတာပါ။
ဗမာ့ တပ်မတော် ကို တည်တောင်ခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကြီးလည်းဖြစ် ၊
လွတ်လပ်ရေးကို ရယူ ပေးခဲ့တဲ့ တုမနှိုင်းတဲ့ သူရဲကောင်းလည်းဖြစ်တဲ့ 
အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးထွေး ၊ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်ကို
ဒုတ်နဲ့ ရိုက်သတ်ဖို့ ကြိုးစားခဲ့တဲ့ စစ်အာဏာရှင်။ နိုင်ငံရဲ့ အညွန့်အဖူး ကျောင်းသား
ခေါင်းဆောင်တွေ.. ရဟန်း  ကျောင်းသား..ပြည်သူ..တွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်
နှစ်ရှည်ထောင်ဒါဏ်တွေ ချမှတ်ပြီး နယ်ဝေးထောင်တွေကို ပို့ခဲ့တဲ့ ၊ ပို့နေဆဲ ဖြစ်တဲ့
စစ်အာဏာရှင်။ မိဘ..ညီအစ်ကို မောင်နှမ..သားသမီး..တွေနဲ့ သေကွဲ.၊.
နှစ်ရှည်..လများ..ရှင်ကွဲ ကွဲအောင် ဖန်တီးခဲ့တဲ့ စစ်အာဏာရှင်။
ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ နိုင်ငံမှာ..ဘုရား..သားတော်..သမီးတော်..တွေကို..
ဒုတ်နဲ့ရိုက်သတ် သေနတ်နဲ့ပစ်သတ်..ဖမ်းဆီး..နှိပ်စက်..ညှင်းပန်း..
အတင်းအကြတ် လူဝတ်လဲ ခိုင်းပြီး..နှစ်ရှည်ထောင်ဒါဏ်
တွေကို ချမှတ်ထားဆဲ ဖြစ်တဲ့ စစ်အာဏာရှင်။
အဆိုပါ စစ်အာဏာရှင်ကြီး ရဲ့ ဗိုလ်ချုပ်ကြီး ( ဟောင်း ) တယောက်ပါ။
၂၀၀၈-နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံသားတွေ သိန်းနဲ့ချီသေပြီး ၊
သန်း-နဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေချိန်မှာ..ကိုယ်..ကို..တိုင်လည်း မကူညီ..
ပြည်တွင်းက စေတနာရှင်တွေကိုလည်း တားဆီး..ဖမ်းဆီး..ထောင်ချ ၊
ပြည်ပ..အကူအညီကိုလည်း အကန့် အသတ် နဲ့လက်ခံ ၊ အဲဒီအကူအညီ
တွေကိုလည်း ခိုးဝှက် ခေါင်းပုံဖြတ် ၊ ဒါတင်မကသေး စစ်အာဏာရှင် တည်မြဲဖို့
ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုတောင် နာဂစ်မှာ သေဆုံးသွားတဲ့လူတွေရဲ့
နာမည်တွေနဲ့ မဲထည့်..နိုင်ငံအနှံ့ မဲလိမ် မဲခိုးပြီး အတည်ပြု ခဲ့တဲ့ စစ်အာဏာရှင်။
အပိုင်ချည်ထားတဲ့ နာဂစ်ဖွဲ့စည်းပုံ ကိုင်ပြီး ရွေးကောက်ပွဲလုပ်တာတောင်မှ ဗြောင်
 မဲလိမ်..မဲခိုး..တာတွေကို ခပ်ပြောင်ပြောင်ပဲ လုပ်ခဲ့ပြီးတဲ့နောက်
အနှီ.. စစ်အာဏာရှင်ကြီးက  ...
ခန့်အပ်ခြင်း ခံရပြီး သမတ ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး-ဟောင်း တဦး ဖြစ်ပါတယ်။

သူ ကတော့ ဒေါက်တာမောင်မောင် ထက် ဂျူနီယာကျ ပေမဲ့ ၊၈၈-စစ်အာဏာသိမ်းပြီး
၂၃-နှစ်အကြာမှာ ဗိုလ်ချုပ်ကြီး-ဟောင်းး တဦးက အခြေခံဥပဒေနဲ့ အညီ ရွေးကောက်
ခံရပါတယ်လို့ ..ပြောင်..အဲ..ကမ္ဘာကို..ဗြောင်..ပဲကြေငြာခွင့်ရသူ ဖြစ်သွားပါတယ်။
ဒေါက်တာမောင်မောင်ထက် နဲနဲသာ သွားတယ်လို့ ဆိုကြပါစို့။
သူ သမတရာထူးရယူ ပြီးမှ အန်တီစုကို လွှတ်လိုက်ပါတယ်။ သူတို့လိုတာ ရဖို့အတွက်
အပေးအယူ အလျှော့အတင်း လေးတွေကို မဆိုစလောက် လုပ်ပြ လာပါတယ်။
ဒေါက်တာမောင်မောင်လို နဖူးပြောင်သူဖြစ်ပြီး ၊ လေသံပျော့ပျော့ လေးနဲ့ပြောတတ်တဲ့
ရှားရှားပါးပါး ဗိုလ်ချုပ်ကြီး-ဟောင်း တယောက်ပါ။ ဗိုလ်ချုပ်ကြီးတွေထဲမှာ အေးချမ်းတဲ့
မျက်နှာသွင်ပြင်ရှိသူဖြစ်ပြီး လတ်စားမှုကင်း သူတဦးလို့ နာမည်ရသူလည်း ဖြစ်ပြန်ပါတယ်။
 အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါတ်ပုံကိုချိတ်ပြီး အန်တီိစုနဲ့တွေ့
 ဆုံပြီးနောက် အန်တီစုရဲ့ ယုံကြည်မှုကို ရခဲ့ပါတယ်။ မြစ်ဆုံ ရေကာတာကို ဆိုင်းငံ့ကာလ
 သတ်မှတ် လိုက်ချိန်မှာလည်း ပြည်သူလူထုရဲ့ ချစ်ခင်မှုကို တဒင်္က ရလိုက်ပြီးသကာလ
 ခွပ်ဒေါင်း နဖူးစည်းပါ ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ မကြာပါဘူး ပြည်ပက လူတွေကို ပါပြန်လာ
 ခွင့်ပေးပါတယ်ဆိုပြီး စာနဲ့ မထုတ်ပဲ နှတ်ဂတိနဲ့ ပြည်ပက လူတွေကိုပါ အိပ်မက်တွေ
 ပေးလိုက်ပြန်ပါသေးတယ်။ နိုင်ငံရေးအကျဉ်းသား တွေကိုလည်း မကြာခင်..
မကြာခင် လွှတ်တော့မယ် ဆိုပြီး မျှော်လင့်ချက်တွေ ပေးရင်း အကျဉ်းသားမိသားစု
တွေကိုပါ ရှုးအောင် လုပ်နေခဲ့ ပါတယ်။ အဆိုးဆုံး ကတော့ နယ်ဝေးအကျဉ်း
ထောင်က နိုင်ငံေ၇းအကျဉ်းသား တွေကိုလွှတ်ပေးတော့ မလိုလိုနဲ့ ရန်ကုန်ခေါ်လာ                  
ပါတယ် အကျဉ်းသားမိသားစု ကလည်း လွတ်တော့မယ် အထင်နဲ့ အင်းစိန်ထောင်မှာ
သွားစောင့်ပါတယ်။ နိုင်ငံရေးအကျဉ်းသားကလည်း သူ့ကို ရန်ကုန် ခေါ်လာပြီဆိုတော့
လွတ်တော့မယ်..ထင်ပြီး
ဘယ်လောက် ပျော်နေမလဲ ဆိုတာ တွေးကြည့်လို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ..
ရန်ကုန်ရောက်တော့ အင်းစိန်ထောင်ထဲ တန်းထည့်လိုက်ပါတယ်။
ပြီးတော့ နောက်တနေ့မှ မြစ်ဝကျွန်းပေါ်ဘက်က ထောင်ကို ပြောင်းရွှေ့လိုက်ပါတယ်။
အဲဒီ နိုင်ငံရေး အကျဉ်းသားနဲ့ သူ့ရဲ့မိသားစု ဘယ့်လောက် ခံစားရလိမ့်မလဲ။
တချိန်တည်းမှာပဲ .....
ကောင်းတော့မယ်..ပြောင်းတော့မယ်..ဆိုတဲ့အသံတွေ ပြည်တွင်းကနေ
ပြည်ပကို လျှံထွက် လာခဲ့ပါတယ်။

ပြည်တွင်း ပြည်ပက မြန်မာနိုင်ငံသားတွေကို အလုပ်တွေ
ရှုပ်သွားစေခဲ့ပါတယ်။ အမြင်အမျိုးမျိုး ဖြစ်အောင် ဖန်တီးထားနိုင်ခဲ့တယ် ဆိုရင်
မှားမယ် မထင်ပါဘူး။
NLD က မှတ်ပုံတင်တော့မယ် အာစီယံ ဥက္ကဌ နေရာကို ရတော့မယ်လဲဆိုရော
လေသံ တမျိုးပြောင်း လာခဲ့ပြန်ပါတယ်။ မကြာသေးခင်က ကျင်းပတဲ့ ဘာလီ
အစည်းအဝေးပွဲမှာ ပြည်ပက မြန်မာသတင်းဌာန သတင်းထောက်တွေနဲ့ ပြုံးပြုံးရွှင်ရွှင်
တွေ့ပြီး.. ပြောင်ပြောင်ပဲ....ပြောသွားပါတယ်။
 “ ယုံကြည်ချက်ကြောင့် ကျနေသော အကျဉ်းသားများ မရှိကြောင်း ၊ ပြစ်မှုတခုခုကို
   ကျူးလွန်  သောကြောင့် ကျနေသော အကျဉ်းသားများသာ ရှိကြောင်း ”
တွေကို  ပြောသွားပြန်ပါတယ်။
ပြုံးပြုံးရွှင်ရွှင်နဲ့  (ထုံးစံအတိုင်း)  လေသံပျော့လေးနဲ့ ပြောသွားတာပါ။ 
အဲဒီနောက် ...
 “ အဲဒီ အကျဉ်းသားတွေကို လွှတ်နိုင်တာ နိုင်ငံတော်သမတမှာ အခွင့်အာဏာရှိပါတယ်။
   Constitution အရလည်း သမတကို လုပ်ပိုင်ခွင့် အပ်နှင်းထားပါတယ် ” 
ဆိုပြီး ပြောတဲ့  အချိန်မှာ သူ့ရဲ့လက် ၁၀-ချောင်းလုံးက
သူ့ ရင်ဘတ်ကြီးကို ပုတ်ပုတ် ပြနေပြန်ပါတယ်။
 အဲဒီ  တွေ့ဆုံပွဲကို ကြည့်ရင်းနဲ့ ရယ်ကြရပြန်ပါတယ်။

 “ သိပါတယ်ဗျာ။ သိပါတယ်..သိနေပါတယ် ” လို့ ဆိုသူကဆို..
  “ နောက်တယောက် လာပြန်ပြီဟေး ” လို့ ပြောသူကပြောနဲ့ ...

  အယူသည်းတာ မဟုတ်ပေမဲ့..ဒေါက်တာမောင်မောင်တုံး ကလဲ  အဲဒီလို 
လူရယ်စရာတခုဖြစ်ပြီး မကြာခင်မှာ စစ်တပ်ကအာဏာ သိမ်းလိုက်ပါတယ်။
နောက်တကြိမ်တော့ မဖြစ်စေချင်တော့ပါ။ 

 အဲဒီလို အခြေအနေ တွေက ကောင်းတော့မလိုလို...ဟိုလိုလို...ဒီလိုလိုနဲ့ နဲ့
စခန်းသွားနေတဲ့အချိန်မှာ...တချိန်လုံး ငြိမ်နေတဲ့
ကာကွယ်ရေးဦးစီးချုပ် ဆိုသူက နိုင်ငံခြားခရီးတွေ ကောက်ကာငင်ကာ ထွက်သွားပါတယ်။
အဲဒီ ကာချုပ်ဟာ လူကြိုက်မများတဲ့ မထင်ပေါ်တဲ့သူလို့ နိုင်ငံရေး အကဲခတ် တွေက
ပြောကြတာပါပဲ..ဒါပေမဲ့..သူ..ကာ-ချုပ်ဖြစ်ပြီး မကြာခင်မှာ လက်ရှိနောက်ကွယ်ကနေ
ကြိုးဆွဲ နေဆဲပဲလို့ ထင်နေကြတဲ့ စစ်အာဏာရှင်ကြီးရဲ့ လူရုံ နေပြည်တော်တိုင်းမှုး
ဗိုလ်ချုပ်ဝေလွင် အပါအဝင် တချို့ ဗိုလ်ချုပ်တွေကို ဖြုတ်ထုတ် ပြောင်းရွှေ့ လုပ်ခဲ့ပါတယ်။
” ကျုပ်က ကာ-ချုပ် ဆိုတာ မမေ့နဲ့လို့ ” ကြိမ်းဝါး သံကိုလည်း ကြားသူက ကြားခဲ့တဲ့
အကြောင်း သတင်းက ထွက်လာပါသေးတယ်။
မည်သို့ပင်..ဆိုစေကာမူ..လို့ဆိုရမလား..မသိပါ..
လက်ရှိ သမတ ဦးသိန်းစိန်က ရိုးသားသူ..ပြုပြင်ပြောင်းလဲရေး လိုလားသူ..
ဖြစ်နေစေကာမူ ...ဘယ်လောက် လုပ်ပိုင်ခွင့် ရှိနေပါသလဲ...
လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ကို..ထိမ်းနိုင်ပါ့မလား..
ဦးသိန်းစိန်ရဲ့ အပြောနဲ့..အလုပ်..မညီဖြစ်နေတာ..ဘာအကြောင်းတွေက
ကြံ့ဖွတ်နဲ့ ကာ-ချုပ် ကြားမှာ ညှိမရဖြစ်နေလည်း ...

၂၀၀၈-နာဂစ်-ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုလည်း မေ့ထားလို့ ရမည်မဟုတ်ပါ။
ကာ-ချုပ် က နာဂစ်ဥပဒေ အပေါ်မှာရှိနေတာ ကိုလည်း မေ့ထားလို့ မရနိုင်ပါ။
အစိုးရအဖွဲ့ အပေါ်မှာ ကာ-လုံ ရှိနေပါတယ်။ ကာ-လုံ-၁၁-ဦးမှာ ကာချုပ်က
၆-မဲ ကိုင်ထားနိုင် တာလဲ မေ့ထား လို့ မရပါ။
ကာ-ချုပ် က တရားဝင် အာဏာသိမ်းလို့ ရတယ်ဆိုတာလဲ မေ့ထားလို့ မရပါ။

လတ်တလော ဖြစ်နေတာတွေကို လေ့လာလိုက်တော့လဲ အပြောနဲ့ အလုပ် မညီတာ
တွေကို မကြာခဏ တွေ့နေရပါတယ်။                      
                         
စစ်ပွဲတွေရပ်ဖို့ သမတက အမိန့်ပေးပေမဲ့ စစ်ပွဲတွေက ပိုပြီးကြီးထွါး လာနေသလို
နိုင်ငံရေး အကျဉ်းသားတွေ အကုန်လွှတ်ပေးပါ့မယ် ဆိုပြီး နိုင်ငံတကာကို
သမတ နဲ့ လွှတ်တော် ဥက္ကဌ တွေက ကတိတွေ ပေးခဲ့ပေမဲ့ ဖြစ်မလာသေးတာတွေ
ဟာ  တခုခုတော့ မှားယွင်းနေပြီ လို့ ခန့်မှန်းရမလို ဖြစ်နေပါတယ်။

စစ်အာဏာရှင် တစုနဲ့ သူတို့ရဲ့ ဆွေမျိုး အသိုင်းအဝိုင်းသာ ကောင်းစားတဲ့
စနစ်ဆိုး မြန်မာပြည်မှာ မရှိ သင့်တော့ပါ။

ဘုရားသား..ကျောင်းသား..စစ်သား...အားလုံးမှာ တာဝန်ရှိပါတယ်။

ဒီတကြိမ် စစ်အာဏာရှင် လက်သစ် တယောက်က အာဏာ သိမ်းခဲ့မယ်ဆိုရင်တော့
မြန်မာပြည် နဲ့ မြန်မာနိုင်ငံသား တို့ရဲ့ ဘဝတွေဟာ ...


( ၂၀၁၂-ခုနှစ်မှာ မြန်မာနိုင်ငံသားများ ငြိမ်းချမ်းသာယာ တိုးတက်                                    
  ဝပြောသော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ကြပါစေ )


ကိုခိုင်                                   
ရ.၁.၂၀၁၂          
၁း၁၁

မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ

လွန်ခဲ့တဲ့ ၁၁ နာရီ ကျော်ကျော်လောက်က
ဆစ်ဒနီမြို့ရဲ့ ကမ္ဘာကျော် ကပွဲရုံနားက
နှစ် ၁၀၀ ကျော်ရှိနေပြီဖြစ်တဲ့ မြစ်ကူးတံတားကြီးမှာ
ကြီးကြယ် ခန်းနားစွာ
၂၀၁၂ နှစ်သစ်ကူးကို ကြိုဆိုတဲ့ မီးပန်းတွေ ပြစ်ဖေါက်ပြီး
လူမျိုးပေါင်းစုံတဲ့ အော်ဇီ နိုင်ငံသားတွေနဲ့ ဧည့်သည်တွေ
ပျော်ရွှင်စွာနဲ့ နှစ်သစ်ကို ကြိုတာကိုတွေ့ခဲ့ ရပါတယ်။
မြန်မာနိုင်ငံမှာလည်း အဲဒီလို ပျော်ရွှင် ကြည်နူးမှုတွေ
ဒီနှစ် ထဲမှာ ရောက်ပါစေလို့ တယောက်တည်း တိုးတိုးလေး
ဆုတောင်း နေမိတယ်။

ကိုခိုင်
၁၁း၂၁
၁.၁.၁၂