ထာဝရဂုဏ်ယူနေမည်


ထာဝရဂုဏ်ယူနေမည်
 ကိုခိုင်

“ဂျောက်” ကနဲ
“ဂျောက်”ကနဲ ...ကျနေတဲ့ပုတီးလုံးတွေနဲ့အပြိုင်
“ပေါက်”ကနဲ
“ပေါက်”ကနဲ ...ကျနေတဲ့မျက်ရည်စီးတွေနဲ့အတူ
သောက..တွေပါ
မြောပါသွားစေချင်ပြီ ...။

ဒီမှာတော့ ...
မိုးမလုံတာကတမှောင့်
တဒေါင့်ကတော့လေမလုံ ...
စောင့်ကြောင့်ထိုင်တွေးပေမဲ့
မနက်ဖြန်အရေးကရော့တိရော့ရဲ
ပျော့တိပျော့ပြဲထမင်းကိုရေထိုးလို့
ဈေးဖိုးအပိုမကျရအောင်ဆားခပ်လို့သောက်လိုက်တယ် ။

ဟိုမှာရော ...
“အသက်” စားတဲ့ ...
“ဌက်ဖျား” ဆိုတာကြီးများတက်နေပြီလား ...။

“ကျောက်ခဲ” လိုမာပြီး
“လောက်” “သဲ” တွေပါတဲ့ထမင်းကို ...
တိတ်ဆိတ်စွာနဲ့
ကြိတ်မှိတ်မြိုချနေရပြီလား ...။

အပြစ်ပြောမေးတဲ့ ...
စစ်ကြောရေးမှာရော
ထု..ရိုက်..ကန်ကြောက်ခံနေရပြီလား ...။

“လား” ပေါင်းများစွာက
“သား” ပေါင်းများစွာအတွက်ပူပန်လို့ ...။

“ဆွေး” မသွားသေးတဲ့
( ည...အိပ်ရာဝင်)
“တေး” သွားလေးတွေတော့မဟုတ်ပေဘူး ...။

အတွေးများ..သစ်လာချိန်မှာတော့ ...
အငေး ..သမားမဖြစ်နိုင်တော့ဘူးဆိုတာသေခြာနေပါပေါ့ ...။

အို ...    
ဘာပဲဖြစ်ဖြစ်
မနက်ကျရင်..ထမင်းအိုးပေါင်
သားတော်မောင်ကို
ထောင်ဝင်စာသွားတွေ့လိုက်ဦးမယ် ...    ။                ။

(နိုင်ငံရေးအကျဉ်းသားများ၏မိသားစုများအားဦးညွှတ်လျှက်...)

ကိုခိုင်
၁၉-၁၀-၁၀
၁၉း၀၀

3 comments:

  1. ကိုခိုင်နဲ့ထပ်တူ ဦးညွှတ်ဂုဏ်ပြုလျက်ပါ..။
    အမြန်ဆုံးလွတ်မြောက်ဖို့ဆုတောင်းပါတယ်..

    ခင်မင်စွာ
    သဒ္ဓါ

    ReplyDelete
  2. ကိုခိုင် ..

    အဟမ်း.. မရောက်တာ အတော်ကြာသွားခဲ့ပြီ..။

    ဖတ်လို့ကောင်းတယ်.. သောကတွေလည်း မများချင်တော့ပါဘူး.. များရလွန်းလို့ တခါတလေ ရူးကြောင်ကြောင်တောင် ဖြစ်ချင်ပါရဲ့..။ အင်း တကယ်တော့လည်း ကိုယ်က ဘာမှ တက်နိုင်တော့တာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် တွက်ထားတာ ကိုခိုင်..။

    တခါတလေ ငိုဖို့ပဲတက်တယ်.. တခါတလေ ဘလော့ပေါ်မှာ.. မိသားစုထဲမှာ.. သူငယ်ချင်းတွေနဲ့ အထင်အမြင် ပြောတဲ့အဆင့်ထက် မပိုတဲ့ ဘဝမို့ နေရတဲ့ဘဝကို မပျော်သလိုတောင် ဖြစ်ချင်မိရဲ့ (ဖြစ်ကိုဖြစ်တာ)..။ အရာရာမှာ မိသားစုအကျိုးက ပထမအဆင့်.. ပဲ..။

    နေအုံး ကိုခိုင်.. `သား` တွေထဲမှာ စိန်ဗေဒါတို့လို အမျိုးတူတွေကိုလည်း ရည်ရွည်းတယ်မလား..။

    သောကတွေ ရှိလည်း အဆင်ပြေစွာ ကျော်ဖြတ်နိုင်ပါစေရှင်.. လောက်ပါတဲ့ ထမင်း ခဲ ပါတဲ့ ထမင်း များများ စားလာရသူတွေ များလာတဲ့တနေ့ ပေါက်ကွဲသံစဉ်တွေ အများကြီး ပိုလာမယ်လို့ ယူဆရတာပါပဲ..။

    စိန်ဗေဒါ

    ReplyDelete
  3. ဒီကဗျာ တော်တော်ကောင်းတယ်ဗျာ
    ထိထိမိမိ ပါပဲ။
    မရှိရှိတာလေးတွေ ပေါင်နှံရောင်းချပြီး ထောင်ဝင်စာ သွားတွေ့ရမှာတွေ အများကြီးပဲ နေမှာပါဗျာ။

    ReplyDelete