ဖောက်ထွက်ရမည့်နေ့များသို့ ...

ဖောက်ထွက်ရမည့်နေ့များသို့ ...

ကိုခိုင်

ထမင်းမစားရတာကို
လက်ချိုးရေမယ်ဆိုရင်တောင်
ဆယ်ချောင်းကမယ်မထင်ဘူး ...
အရေးကြီးတာက
“ လှုံ့ဆော်စာ ” များများထုတ်နိုင်ဖို့
ဘာလိုမလဲလေ ...
ဌက်ပျောသီးတလုံးနဲ့လည်း
တနပ်စာပြီးလို့ရနေတာပဲ ..။

ချေးညှော်ကင်းဝေး
ကျန်းမာရေးဆိုတာသိသားပဲ
အဝတ်လျှော်ဖို့မပြောနဲ့
ရေချိုးရတာတောင်မေ့သလောက်ဖြစ်နေပြီ .. ။

ဘယ်သူပြောထားလဲ
ည..မှာမှ..အိပ်ရမယ်လို့
ဘယ်အချိန်ဖြစ်ဖြစ်
ဒီ “ ဝပ်ကျင်း ” လေးထဲ
ဇွတ်အတင်းကွေး
“ လွတ် ” သတင်းတွေရေုးပြီး
လုံခြုံစွာမှေးရဖို့လိုတယ် ။

ခရီးစရိတ်မရှိတော့လဲ
လမ်းလျှောက်ကြတာပေါ့
ဘုရားပေးထားတဲ့ခြေထောက်
အဝေးကြီးလျှောက်လို့ရသေးတယ် ။

အာဏာရှင်ရဲ့နှတ်ထွက်စကားနဲ့
ငရဲဒါဏ်တွေချမှတ်နေတာသိသားပဲ
ပခုံးပေါ်ကခေတ်သစ်တာဝန်တွေကို
ဖြစ်ညှစ်ပြီးထမ်းဆောင်နေရတာမှမဟုတ်တာ
သယ်..မ..ခွင့်ရတာကိုက
ဂုဏ်ယူစရာတခု
မွန်းမလွဲသေးချိန်တော့ ...
ပူချင်တိုင်းပူနေဦးမှာ ...။

နေ့စဉ်နေ့တိုင်း ...
ရဲစွမ်းသတ္တိတွေ ...
သစ္စာတရားတွေ ...
စွန့်လွှတ်စွန့်စားမှုတွေလွှမ်းခြုံလို့
ဆင်ခြင်တုံတရားကလမ်းပြနေတဲ့ဒီခရီးတလျှောက်
နေပူနေတဲ့အခါ
“ရေ” မသောက်ရလည်းရှိပါစေ
“အရိပ်” လိုလိုက်နေတဲ့
ဦးဏှောက်မရှိတဲ့ခန္ဒာတွေနဲ့တော့မတွေ့ချင်ဘူး ။


ဖောက်ထွက်ရတော့မယ်ဆိုရင်တော့ ...
ပေါက်ထွက်မှပဲတန်ကာကျမယ်
ဆန္ဒစောတယ်လို့ဆိုချင်ဆို
လက်နဲ့ခူးလို့မှီနေရင်
ကြွေကျချိန်ထိစောင့်မနေချင်တော့ဘူး ။           ။

( ပြည်တွင်းမှသူရဲကောင်းများအားဦးညွှတ်လျှက် ...)


ကိုခိုင်
၁၀-၁၀-၁၀
၁၅း၃၀

3 comments:

  1. ကိုခိုင်ရေ ကဗျာလေးကို ထပ်တူထပ်မျှ ခံစားသွားပြီး ပြည်တွင်းမှာ တကယ်လုပ်နေသူတွေကို ဂုဏ်ပြုသွားပါတယ်။ ဘလော့ဂ်ကို လာလည်တာ ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း မအားလို့ ဘယ်မှ မရောက်ဖြစ်ဘူး မိမိဆီရောက်လာသူတွေကိုပဲ ပြန်ပြောနှုတ်ဆက် လုပ်ဖြစ်တယ်။

    ReplyDelete
  2. ကိုခိုင်ရေ..
    အမြဲလာရောက်ပြီးအားပေးစကားပြောတာ ကျေးဇူးတင်ပါတယ်.။
    ပြည်တွင်းမှသူရဲကောင်းများကိုအထပ်ထပ်ဦးညွှတ်ဂုဏ်ပြုပါတယ်.။

    ခင်မင်စွာ
    သဒ္ဓါ

    ReplyDelete
  3. ကိုခိုင့်ကဗျာလေးနဲ့ အတူ သူရဲကောင်းများအားလုံးကို လေးစားစွာဦးညွှတ်လျက်...
    ခင်မင်စွာ... စုချစ်

    ReplyDelete