ပြင်ဆင်ရမည့်စာမျက်နှာများ
ကိုခိုင်
ဟော ...
အထုပ်တထုပ်
“ဘုတ်ကနဲ” ပြုတ်ကျလာပြန်ပါရောလား ... ။
အမောင်တွေကြားမှာ ...
ရွက်လိုရွက်
ထမ်းလိုထမ်း
ခါးတစ်ခွင်သူလည်းရှိရဲ့
တချို့ကြ
အရိပ်အခြေကြည့်ပြီး
ဘေးနားမှာအသာချလို့ ... ။
အရည်ပျော်ကျနေတဲ့
ရုပ်ဝတ္တုတွေအနားမှာတော့
သစ္စာတရားဆိုတာ
“ ချိုသလား ၊ ခါးသလား ”
“ အားလုံးကောင်းပါသည်ခင်ဗျား ” တဲ့လား ။
“ ဘယ်ပေါင် ၊ ညာပေါင် ” ပုတ်ပြီး
အတက်အဆင်းလုပ်ရမဲ့ခေတ်မဟုတ်တာလည်း
သတိရစေချင် ။
အဝန်းအဝိုင်းကျဉ်းလေးထဲ
အပြန်အလှန်ထိုးနေတဲ့လက်ညှိုးတွေအနား
ဆုတ်ဖြဲရမဲ့မျက်နှာဖုံးတွေက
လှောင်ပြောင်နေကြ ။
အဖြူထဲကနေခွဲထွက်သွားတဲ့
အရောင်တွေ ...
လူတွေ ...
သက်တန့်တွေအလား ... ။
ခုချိန်ထိ
“ ဘာလဲ ၊ ဘယ်လဲ ” ဆိုတာ
အပ်ကြောင်းထပ်အောင်အဖန်ဖန်ဖွင့်ခဲ့ကြပေမဲ့
ခေတ်ပေါ်ဓါတ်ပြားတွေထက်
ရောင်းကောင်းနေဆဲ ... ။
မြင့်မားလာတဲ့နောင်တတွေ
ဒါမှမဟုတ် ...
ပျိုမြစ်မှုတွေတိုက်စားခံရလို့
ငိုညစ်နေကြတုံးလား ... ။
ဟေ့ .....
မြင်ကြလား ...
လက်ပိုက်ပြီးကြည့်နေကြတဲ့
အာဇာနည်တွေရဲ့ဝိညာဉ်တွေ ...
မေးဆတ်လို့ပြနေကြတဲ့
သံတိုင်နောက်ကသူရဲကောင်းတွေကို ... ။
ကဲ ...
စဉ်းစားကြပါဦး
နိုဝင်ဘာရဲ့စာမျက်နှာတွေကို
ဘယ်လိုဖတ်ဖို့ပြင်ဆင်ထားကြမလဲ ။
ဖရောင်းတိုင်မီးနဲ့
သံမဏိကိုမြှိုက်နေတယ်လို့
ထင်နေကြသလား ။
အက်စ်ကီးမိုးတွေကို
“ရေခဲ” ရအောင်ရောင်းနိုင်ခဲ့ရင်
မီးပုံရှို့နိုင်တဲ့
“ရေခဲ” တွေလည်းတွေ့နိုင်ရမယ် ။ ။
ကိုခိုင်
၁၆-၀၈-၂၀၁၀
၁၅း၄၀
အလုပ်တွေလည်းရှုပ်...စိတ်တွေလည်းရှုပ်နဲ့ နည်းနည်းလည်း
ReplyDeleteနေမကောင်းလို့ပါ..
သတိတရမေးတာကျေးဇူးနော်ကိုခိုင်...
ခင်မင်စွာ
သဒ္ဓါ
ကိုခိုင်
ReplyDeleteသြဂတ်.. စက်တင်ဘာဆိုတာ တကယ်တော့ မဗေဒါတို့လို အရွယ်တွေ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ရင်ခုန်စရာတွေ.. ရင်နာ စရာတွေ.. ကြေကွဲစရာတွေ အပြည့်နဲ့ တစုံတခုကို မျှော်တလင့်လင့် ရှိခဲ့ကြတာပဲ လို့ ယူဆပါတယ် ကိုခိုင်ရေ ....။ ပြီးခဲ့တာတွေ ပြီးပါစေတော့ရယ်လို့လည်း မငြီးရက်.. မငြင်းရက်ဘူး..။ သူတို့တွေ အားလုံး လိုချင်ခဲ့တာ မျှတတဲ့ လူ့ဘောင်တခု .. မဗေဒါတို့ တွေ အခုထိ မစွမ်းနိုင်လို့ လူတစု အာဏာရနေတဲ့ ပွဲက အမှန်တကယ်တော့ ကြည့်မကောင်းတာတွေပဲ ထပ်ခါထပ်ခါ ဖြစ်နေတယ်လို့ ယူဆပါတယ်..။
ရေခဲကိုတော့ မီးပုံရို့လို့ ရအောင် စွမ်းဆောင်နိုင်ဘူးထင်တယ်.. ဟဲ..။
မဗေဒါ (၈၈)
ကိုခိုင်ရေ... ကဗျာလေး ခံစားပြီး ဖတ်သွားပါတယ်...
ReplyDeleteအက်စ်ကီးမိုးတွေကို
“ရေခဲ” ရအောင်ရောင်းနိုင်ခဲ့ရင်
မီးပုံရှို့နိုင်တဲ့
“ရေခဲ” တွေလည်းတွေ့နိုင်ရမယ် ။ ။
ဆိုတာလေး ကြိုက်တယ်...
ကဗျာဖတ်ပြီး မပြုံးနိုင်ပေမယ့်...
ကဗျာရှင်ကို ပြုံးပြသွားပါတယ်...
း-)
စုချစ်
ကဗျာလာဖတ်သွားတယ် ကိုခိုင်ရေ...း)
ReplyDeleteကိုခိုင်ရေ...။ ရေးနေဆဲ ကဗျာတွေက အပြီးမသတ်နိုင်ခင်မှာပဲ ထပ်ခါထပ်ခါ ထိုးစိုက်လာနေတဲ့ နောက်ကျောက ဓါးအစင်းစင်းကို ပြန်လှည့်ခုခံကာကွယ်နေရတုန်း။ ကိုယ်တိုင်ရေးခွင့်မသာနိုင်ချိန်မှာ ရေးပေးနေနိုင်သူတွေအတွက် အထူးတလည် ဝမ်းမြောက်ကျေနပ်စွာ သာဓုခေါ်မိပါတယ်။ ကိုခိုင် ကျန်းမာရွှင်လန်းချမ်းမြေ့လှစွာ တိုင်ပြည်တာဝန်များ ဆထက်တံပိုးထမ်းရွက်နိုင်ပါစေလို့ ဆုတောင်ရင်း။
ReplyDeleteခင်မင်လေးစားစွာ...
ဇော်မျိုးလွင်
မင်္ဂလာပါ။ ကဗျာလာဖတ်သွားပါတယ်။ Profile မှာ Sydney, Australia ရေးထားတာတွေ့လို့ ဘယ်သူပါလိမ့်။
ReplyDelete