နှလုံးသားထဲကအရေးတော်ပုံ















နှလုံးသားထဲကအရေးတော်ပုံ

ကိုခိုင်

၈.၈.၈၈
ဟိန်းထွက်နေတဲ့
ကြွေးကြော်သံတွေအထက်က
တလူလူလွင့်နေတဲ့ခွပ်ဒေါင်းအလံတွေ
နိုင်ငံအနှံ့ပြန့်လွင့်လို့နေချိန်
စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံ
တပြည်လုံးညံလို့ ...  ။

အဖိုးအဖွါးတွေတရားမမှတ်နိုင်တော့ဘူး ...
အိမ်ရှင်မတွေဈေးမဝယ်နိုင်တော့ဘူး ...
ရဟန်း
ကျောင်းသား
အလုပ်သမား
လယ်သမား
ကာယ၊ဥာဏ
အကုန်လုံး ...
အားလုံး ...
တနိုင်ငံလုံး ...
ခွပ်ဒေါင်းအလံတော်အောက်မှာစုစည်းလို့ ... ။

ဆူးလေဘုရား
ဗိုလ်ချုပ်လမ်း
မြို့တော်ခန်းမရှေ့
အိုး .....
ဘယ်နေရာကြည့်ကြည့်
လူပင်လယ်ကြီး ... ။

ချီတက်လာသူတွေ ...
အားပေးသူတွေ ...
ကူညီသူတွေ ...
အံကြိတ်သူတွေ ...
မျက်ရည်ကျသူတွေ ...
အပြုံးကိုယ်စီနဲ့
တညီတည်းတသားတည်း ။

ဘယ်သူထင်ထားမှာလဲ
လူတွေအိပ်ချိန်ကျော်မှ
သူခိုးကျင့်သူခိုးကြံ
အစွယ်ထုတ်ပြလိမ့်မယ်လို့ ...
မြို့လယ်ကောင်ကသေနတ်သံ
တမြို့လုံးညံသွားတာ
ပုံပြင်တွေမှမဟုတ်ခဲ့ပဲ ။

ပြည်သူကမွေး
ပြည်သူကကျွေးခဲ့ရတာ
လူလားမြောက်လာတော့
အာဏာရှင်ကိုကာကွယ်ဖို့မှမဟုတ်တာ ... ။

နိုင်ငံသူ၊နိုင်ငံသား ...
စုတ်ဖြဲခံခဲ့ရတဲ့ကြင်နာသနားမှုဆိုတာ
လှောင်ရီနေတဲ့အာဏာရှင်တွေအနား
အမှိုက်ခြင်းထဲမှာကြေမွလို့ ... ။

ဆယ်စုနှစ်-၂-ခုတောင်ကျော်လာခဲ့ပေမဲ့
မေ့လို့ရနိုင်ပါ့မလား ...
သူရဲကောင်းတို့ရဲ့အာဇာနည်ဝိညာဉ်တွေ
ယမ်းငွေ့တွေကြားမှာအခိုးအငွေ့အဖြစ်ပြောက်လို့ရရိုးလား ...
မလှပတဲ့အိပ်မက်လမ်းကျဉ်းထဲ
နာကျဉ်းခြင်းတွေချိတ်ဆွဲ
ဦးဏှောက်ကအမာရွတ်ကိုဆေးလုပ်ဖျော်လို့
အရေးတော်ပုံကိုစုတ်ထိုးထားတဲ့နှလုံးသားနဲ့
တောက်ပမဲ့မျိုးဆက်သစ်တို့ရဲ့အနာဂါတ်အတွက်
အောင်ပွဲအလံတွေကို
မနှေးအမြန်စိုက်ဖို့လိုတယ်   ။           ။


(အရေးတော်ပုံအသီးသီးတွင်ကျဆုံးသွားကြကုန်သော
  ရဟန်း၊ကျောင်းသား၊ပြည်သူအပေါင်း
  ကောင်းရာသုဂတိလားကြပါစေ။)
( အပေါ်မှပုံကို JUSTFREEMAN BLOG မှယူပါသည်။
  ကျေးဇူးတင်ပါသည်။ )
( ဒီကဗျာကို ဟစ်တိုင် www.hittai.net မှဖော်ပြပေးခဲ့ပါသည်။
  ဟစ်တိုင်ကိုကျေးဇူးတင်ပါသည်။)

ကိုခိုင်
၈-၈-၂၀၁၀
၂၂း၄၅

3 comments:

  1. တကယ့်ကိုမေ့လို့မရနိုင်ပါဘူးကိုခိုင်..
    ပြည်သူအားလုံးအတွက် အမှန်တရားနဲ့ဒီမိုကရေစီအတွက် အသက်စွန့်
    သွားသောသူရဲကောင်းအပေါင်းအားလေးစားဦးညွှတ်ဂုဏ်ပြုပါတယ်..။
    ကောင်းရာသုဂတိလားပါစေ......

    ခင်မင်စွာ
    သဒ္ဓါ

    ReplyDelete
  2. ကိုခိုင်

    ဒီလိုပါပဲ.. ၈၈ ဟာ ရင်မောစရာတွေ.. နာကြည်းစရာတွေ.. အောင်မြင်မှု.. ဆုံးရုံးမှုတွေ တပွေ့တပိုက်ကြီးနဲ့ပါ..။

    တနေ့တော့... ကိုခိုင်.. မဗေဒါ တို့ မျှော်လင့်သလို ဖြစ်လာမယ်လို့ ယုံကြည်ရင်း..။

    မဗေဒါ (၈၈)

    ReplyDelete
  3. ကဗျာကို လာခံစားသွားပါတယ်။

    ReplyDelete