စွဲထင်ကျန်ရစ်နေသော.....နှလုံးသားထဲမှအပိုင်းအစများ ( ၂)

     “ခင်ဗျား...သွားစေ့ပြီး   လျှာထုတ်တတ်လား”
     သူ ဒီစခန်းကို ရောက်စက မေးခွန်းပေါင်း မြောက်များ
စွာထဲက တခုပင် ဖြစ်၏။ တော်လှန်ရေးနယ်မြေ ရောက်
တာမကြာသေးသော သူ့ထံမှ မကြာသေးမီက ဖြစ်ပျက်
ခဲ့သော ရန်ကုန်မှအဖြစ်အပျက်များ အဖွဲ့အစည်းများ
အကြောင်း သူတီု့အရမ်းသိချင် နေကြသည်။
ရောက်စကတဲက သူပြောပြခဲ့သော အကြောင်းအရာ
ပေါင်းများစွာကို သူတို့စိတ်ဝင်တစား နားထောင်ခဲ့ကြသည်။
သူ့ထက်ကြီးသူများအပြင် သူ့ထက်ငယ်သူများနှင့်လည်း
ဒီစခန်းတွင်တွေ့ရသည်။ လူတန်းစား အမျိုးမျိုးကို တွေ့ဆုံရ
သည်ဟုဆိုလျှင် ပိုပြည့်စုံပေမည်။ထိုအထဲတွင် ပျော်ရွှင်ဖွယ်
မေးခွန်းများ စကားများပြော၍ ခင်မင်အောင် နေတတ်သူ
ရှိသလို မနေတတ် သူများရှိသည်ကိုလည်း  သူ
သတိထားမိသည်။ထိုအထဲမှ ကပ်သီးကပ်သတ် မေးခွန်း
တွေကြောင့် တခါတလေ အဆင်သင့် အဖြေကမရှိ။
     မေးခွန်းအဆုံးမှာတော့ သူလည်း အူကြောင်ကြောင်
ဖြစ်ပြီး မသိမသာ အထာလေးနှင့် စမ်းကြည့်သေးသည်။
မေးခွန်းမေးသူကို ကြည့်လိုက်တော့ စပ်ဖြဲဖြဲ မျက်နှာနှင့်
ဖြစ်ပြီး ကျန်သူများကလည်း ပြုံးစိစိ မျက်နှာပေးများနှင့်...။

     “မဖြစ်နိုင် တာ...”
     “ကျွန်တော် လုပ်ပြနိုင်ရင် ဘာပေးမလဲ ”
ဘာပေးရ မလဲ  ။တခုခုတော့ လှို့ဝှက်ချက်ရှိရမည်ဟု
သူ တွေး၏။ မဖြစ်နိုင်တာ လုပ်ပြမည် ဆိုတော့ စိတ်ဝင်စား
ဖို့တော့ကောင်းမည်။

     “သုခိတာ နှစ်လိပ် ပေးမယ် ဘယ်လိုလဲ ”  ဟု သူ ပြော၏။
ပထမတော့ နဲတယ်ဟု ပြောသေး၏။
အများက ဝိုင်းပြောတော့မှ သဘောတူသွား၏။

     “ခဏပဲပြမှာနော် သေသေခြာခြာကြည့်.....ဒီမှာ...”

     “ဝါး” ကနဲ ဝိုင်းရယ်လိုက်သံကြားမှာ သူ တောင်
ကြောင်တောင်တောင်ဖြစ်သွား၏။ သူ ကတော့
လိုက်မရယ်ဖြစ် အထူးအဆန်းတခုကို မြင်လိုက်ရသလို
အတန်ကြာ ငေးကြည့်နေမိလေသည်။
     ကျိုးနေသောအပေါ်သွား နှစ်ချောင်းကြားမှ တစ်လစ်ကလေး
ထွက်လာသော လျှာ ကလေးက သူ့ကို ပြောင်ပြနေသလို.....

     “ဘာဖြစ်လို့ သွား တွေကျိုးနေတာလဲ.....ရန်ဖြစ်တာလား...”

     “မဟုတ်ဘူးဗျ ..ကျွန်တော်က တံတားနီအရေးအခင်းပြီးတော့
အဖမ်းခံ ရတယ် စစ်ကြောရေးမှာ စစ်ထောက်လှမ်းရေးက
နှိပ်စက်လို့ ဒီရှေ့သွားနှစ်ချောင်း ကြိုးသွားတာ ကျွန်တော်လည်း
အမှတ်တရအနေနဲ့ ပြန်မစိုက်တော့ပဲ ထားတာ တောခိုတဲ့အထိပဲ”

     မေးပြီးမှ စိတ်မကောင်းဖြစ်သွားရသည်။
တောခိုလာသူတော်တော် များများကတော့ ဒါဏ်ရာဒါဏ်ချက်
လေးတွေ ကိုယ်စီနှင့်ဖြစ်သည်။ တချို့ကတော့ တော်လှန်ရေး
အစပိုင်းမှာပင် သူရဲကောင်းပီသစွာ အမိနိုင်ငံတော်အတွက်
အသက်ပေးလှူသွား ခဲ့ကြလေပြီ။ သူ တို့ကတော့ လောလောဆယ်
အသက်ရှင်နေကြဆဲမို့  တိုက်ပွဲဝင်နေကြဆဲပင်...။
     နောက်ထပ်အသီးအပွင့်လေးတွေ  ဘယ်လောက်
     ကြွေ ကြ ရ  ဦးမှာလဲ...။
     ဘာဖြစ်လို့  နိုင်ငံသားအချင်းချင်း  သတ်ဖြတ်နေရတာလဲ...။
     နိုင်ငံတော်အတွက် အသက်ပေး၍ကာကွယ်ပါ့မည်ဟု
     ကတိပြုထားကြသူတွေက လက်နက်မဲ့ ကိုယ့်ပြည်သူတွေကို
     ဘာလို့ပြန်သတ်နေကြတာလဲ...။
     တပ်မတော်သားတွေက အသိဥာဏ်မရှိကြတော့လို့လား...။
     တပ်မတော်ထဲမှာရော ပညာတတ်တဲ့ ဆင်ခြင်တုံတရားရှိတဲ့
     အရာရှိတွေ မရှိကြတော့ဘူးလား...။
     အဲဒီ တပ်မတော်အရာရှိဆိုသူတွေကရော အမှန်တရားဖက်မှာ
     ဘာလို့မရပ်တည်နိုင်ကြရတာလဲ.....။
သူ့ခေါင်းထဲမှာတော့ အတွေးများစွာနှင့် ရှိလေသည်။
ယ္ခင်က တပ်မတော်ကို ချစ်ခင် မြတ်နိုး အားကိုးသော ပြည်သူများ
ယ္ခုအခါတွင် မရှိတော့ပြီ။တပ်မတော်သည် အသွင်ပြောင်းခဲ့ပေပြီ။
လက်တဆုတ်စာ စစ်အာဏာရှင်များ၏ အသုံးချခံ လက်နက်ကိုင်
စက်ရုပ်လူသားများ အဖြစ်ပြောင်းလဲခဲ့ပေပြီ။
     ပညာတတ်သော အသိဥာဏ်ရှိသော မျိုးချစ်သူရဲကောင်း
တပ်မတော်အရာရှိများက ဦးဆောင်ပြောင်းလဲမှသာလျှင်
ပြည်သူချစ်သော ပြည်သူ့တပ်မတော်သားများဘဝကို
ပြန်လည်ရရှိ နိုင်ပေမည်ဟု သူ ထင်မြင်မိ၏။

     “သူရဲကောင်းဗိုလ်ကြီးအုန်းကျော်မြင့်ကို လွမ်းသည်”





 ကိုခိုင်
၉-၀၂-၂၀၁၀
့်
              

No comments:

Post a Comment