စွဲထင်ကျန်ရစ်နေသော နှလုံးသားထဲမှအပိုင်းအစများ(၃)
     “ကျောင်းဖွင့်ရင် ရည်းစားလေးကိုခေါ်ပြီး ဦးချစ်လ္ဘက်ရည်သွားသောက်မယ်”
     “ကျောင်းဖွင့်ရင်လုပ်မနေနဲ့ ညနေကပဲ မင်းအဘတွေက
      တိုင်းပြည် ချောက်ထဲကျတော့မယ်ဆိုပြီး
      နောက်တခါ အာဏာသိမ်းလိုက်ပြန်ပြီမဟုတ်လား”
     “ဟေ့.....မင်းရည်းစားကို တမ်းတမနေနဲ့ ည၁၁နာရီကျော်နေပြီ
      ခုချိန်လောက်ဆိုရင် လည်ပင်း.........”
     “ ဖခင် ဘုရင်ကြီးမှာ မကြားလိုပါ မကြားလိုပါ.....
      သတ်လိုလျှင်သတ်ပါစေတော့.......”
     မနီးမဝေးမှ အခြား ကျောင်းသားအဖွဲ့တခုမှ အခြင်းခြင်း
နောက်ပြောင်နေသံများကြောင့် သူ ပြုံးလိုက်မိသည်။
ဒီလိုအခြေအနေမျိုးမှာ သီချင်းဆိုနိုင်သူများလည်း
ရှိနေသေးသည်ဟု သူ တွေး၏။ လူအမျိုးမျိုးစိတ်အထွေထွေသာပင်။
အဆိုပါသူ၏ ရင်ထဲတွင်လည်းဘာတွေရှိနေလဲဆိုတာ
ဘယ်သူသိနိုင်တာမှတ်လို့ ။အများစုက ကိုယ့်ဒါဏ်ရာကိုယ်
လျှာနှင့်လျှက်၍ စိတ်တင်းနေကြသူများပင်။
     ညနေက စစ်တပ်မှအာဏာသိမ်းလိုက်ကြောင်း ရေဒီယိုမှ
ကြေငြာပြီးချိန်မှစ၍ အခြားကျောင်းသားအဖွဲ့များနှင့်အတူ
သူတို့အဖွဲ့လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စုဝေးနေကြခြင်း
ဖြစ်သည်။တချို့က ဆူးလေဘုရားအနီးရှိ မြို့တော်ခန်းမရှေ့တွင်
ထိုင်လျှက်ဆန္ဒပြ  နေကြဆဲဖြစ်သည်။ညနေစောင်းချိန်မှစ၍
ဆေးရုံကြီးသို့ ရန်ကုန်အနီးတဝိုက်မှ  ဆန္ဒပြသူများ ထရပ်ကားကြီး
များဖြင့်ဖွဲဖွဲနှင့်ရောက်လာနေကြသည်။
     မကြာသေးခင်ကကြားသော  ဖုန်း သတင်းအရ
မြို့တော်ခန်းမအတွင်းရှိ  စစ်တပ်က ဆန္ဒပြနေကြသူများကို
လူစုခွဲရန်  အသံချဲ့စက်ဖြင့်  သတိပေးနေကြောင်း  သူတို့ကြားသိရ၏။
သူ့  အတွေးပင်မဆုံးလိုက်  ဆူညံသော  သေနတ်ပစ်သံများ
ကြားရပြီးနောက်  ဆေးရုံကြီးတခုလုံး  တိတ်ဆိတ်သွားခဲ့သည်။
မီးများကိုလည်းမှိတ်လိုက်သောကြောင့် မှောင်မဲသွားခဲ့သည်။
အုတ်နံရံသို့ ပြေးကပ်သူများ  မြောင်းထဲသို့  ခုန်ချသူများနှင့်
လှုပ်လှုပ်ရှားရှား  ဖြစ်သွားကြ၏။ အတော်ကြာကြာ ပစ်ခတ်သံများ
ကြားရပြီးနောက် တိတ်သွားခဲ့၏။
     “မြို့တော်ခန်းမရှေ့က ကျောင်းသားတွေကိုပစ်နေ့ပြီ
      ပြီးရင် ဆေးရုံကြီးကိုရောက်လာနိုင်တယ် သတိနဲ့နေကြပါ”
တီးတိုးသတိပေးသံများ ကြားနေရ၏။ နာရီအနည်းငယ်ကြာသည်အထိ
ဘာသံမှ ထပ်မကြားရသောအခါ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာကြပြန်သည်။
သူ့အစုနှင့်သူ တီးတိုးစကားပြောသူပြော ကင်းလှည့်သူလည့်နှင့် ။
-   -   -   -   -   -   -  -   -   -   -   -   -   -  -   -   -   -   -   -   -   -   -   -   -   -
     ဆူဆူညံညံ အသံများကြောင့် သူ နိုးလာခဲ့လေသည်။
ညက သူတို့အဖွဲ့ လူနာဆောင်ရှေ့ရှိ ကတ္တရာလမ်းမပေါ်တွင်
အုတ်နီခဲများကို ခေါင်းတွင်ခု၍ လှဲနေသောကြောင့် ဆရာဝန်တဦးက
လူနာမရှိသော ကုတင်လွတ်များပေါ်တွင်အိပ်နိုင်စေရန်
စီစဉ်ပေးခဲ့လေသည်။ ပထမတော့ သူတို့အိပ်ရန် မရည်ရွယ်
သို့ပေမဲ့ တနေကုန်ဆန္ဒပြခဲ့သောကြောင့် အားလုံးပင်ပန်းလျှက်
ရှိနေခဲ့ကြသည်။မနက် ၃ နာရီကျော်တော့ ဟန်မဆောင်နိုင်ကြတော့။
     “အောက်မှာ ကိုဇာဂနာတို့ ရောက်နေကြတယ်”
မျက်မှန်းတမ်းမိနေသော ကျောင်းသားတဦးက ပြောသောကြောင့်
သူတို့ အောက်ဆင်းခဲ့ကြသည်။
ဝိုင်းအုံနေသော လူအုပ်အလယ်တွင် ကိုဇာဂနာနှင့်အတူ ရုပ်ရှင်
မင်းသားတဦးကိုပါ တွေ့ရ၏။ကိုဇာဂနာက အခြေအနေအရပ်ရပ်ကို
အေးအေးဆေးဆေး ရှင်းပြနေသော်လည်း အဆိုပါ ရုပ်ရှင်မင်းသားက
လွန်စွာဒေါသထွက်နေသော အမူအရာဖြင့် စစ်တပ်မှသတ်ဖြတ်မှု
များအတွက် ဆဲဆို၍ ပြောဆိုနေလေသည်။
     “ခင်ဗျားတို့ ဒီအထဲမှာ ဘာလုပ်နေကြတာလဲ
      ဆန္ဒထွက်ပြကြပါ
      ကြောက်နေကြလား”
အဆိုပါ ရုပ်ရှင်မင်းသား၏ စကားအဆုံးမှာတော့ ရန်ကုန်
အနီးတဝိုက်မှ ရောက်လာသူများက ဆန္ဒပြရန်
ဆေးရုံကြီးမှ ထွက်ခွါနေကြပေပြီ။
ကိုဇာဂနာ၏စကားအရ သူ ဆေးရုံကြီးသို့လာရာလမ်းတလျှောက်တွင်
ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေကြောင်း မကြာခင်
ဆေးရုံကြီးကို လာ၍ဝိုင်းနိုင်ကြောင်းနှင့် ဆေးရုံကြီးမှ
ရှောင်ကြရန် ပြောခြင်းဖြစ်ကြောင်း သူ နားလည်၏။
သတ်ကွင်းထဲသို့ ချီတက်ကြရန်တိုက်တွန်းသောစကား
တလုံးမှမပါ။ သို့ပါသော်လည်း ရုပ်ရှင်မင်းသား၏
နှိုးဆွပေးမှုက ကျေးလက်နေပြည်သူများ၏ ရင်တွင်းသို့
နက်ရှိုင်းစွာ တိုးဝင်သွားခဲ့ပေပြီ။
သူတို့လည်း ဘာမှမတတ်နိုင်တော့။
     ခဏကြာသောအခါ ကျောင်းသားတဦးက ဒါဏ်ရာရလာသော
ကျောင်းသား ကျောင်းသူများ အများကြီးရောက်လာသောကြောင့်
ဝိုင်းကူကြပါရန် လာပြောလေသည်။
     အရေးပေါ်ဖက်သို့ သူ ရောက်သွားသောအခါ
ငိုကြွေးနေကြသူများ နံရံကို လက်သီးနှင့် ထိုးနေကြသူများနှင့်
ဒါဏ်ရာ ရ နေသောလူနာများအကြား အလုပ်ရှုပ်နေကြသော
ဆရာဝန် ဆရာမ များကိုတွေ့ရလေသည်။
ဒါဏ်ရာရနေသောသူများကိုကြည့်ရင်း သူ ကြောင်နေမိ၏။
အတန်ကြာ၍ သတိထားမိတော့မှ သူ့ မျက်စိတည့်တည့်မှ
သူ့ ကိုကြည့်နေသော ကျောင်းသူလေးတဦး...။
     အင်္ကျီအဖြူကလေးနှင့် ထမီအစိမ်းကလေးက သွေးများဖြင့်
မြင်မကောင်းစွာ ရွဲနစ်လျှက်ရှိလေသည်။ ငယ်နုသောမျက်နှာလေးပေါ်တွင်
သွေးများပေကြံနေသော ဆံပင်များက အစုလိုက် အစုလိုက်
ဖရိုဖရဲနှင့် ဟိုတစုဒီတစု။ ဝဲဖက် ရင်အုံမှ သေနတ်ဒါဏ်ရာ
အပေါက်အတွင်းမှ သွေးများက ပွက်ကနဲပွက်ကနဲ အပြင်သို့          
ထွက်ကျလျှက်ရှိနေဆဲ။ မျက်လုံးများကမူ စူးရှတောက်ပစွာဖြင့်
သူ့ ကြိုကည့်နေလေသည်။ မပြီးဆုံးသေးသောတိုက်ပွဲအတွက်
ကတိ တွေတောင်းနေသယောင်။
     ထိုစဉ်ခဏ သူ့ သွေးများ ပွက်ပွက်ဆူလာသလို ခံစားရ၏။
အသံကုန် အော်ဟစ်လိုက်ချင်သော်လည်း နှတ်ဆွံ့နေသူ
တယောက်ပမာ ဖြစ်နေခဲ့လေသည်။ မျက်ရည်ပူများက
သူ့ပါးပြင်နှစ်ဖက်မှာစီးကျလျှက် ။
     “မိုက်ရိုင်းလိုက်ကြတာ ရက်စက်လိုက်ကြတာ”
     “ညီမလေးရယ် ကိုယ် ကတိပေးပါတယ်”
သူ တိုးတိုးလေး ရေရွတ်နေမိလေသလား သတိမထားမိတော့။
     “သွားကြပါတော့ ထွက်ကြပါတော့
      မကြာခင် လာဝိုင်းတော့မှာ”
တရှိုက်ရှိုက် ငိုကြွေးနေရင်းမှ သတိပေးစကားလိုက်ပြောနေသော
ဆရာဝန်ဟုယူဆရသူ အမျိုးသမီးကြီး၏အသံကြားမှ
သူ အသိပြန်ဝင်လာသည်။ ဆေးရုံကြီးအနီးရှိ ကားလမ်းမပေါ်
တွင်လည်း ပစ်ခတ်သံများ ကြားနေရပေပြီ။
     “အချိန်မရှိတော့ဘူး ဘရားသားရေ သွားကြရအောင်ဗျာ”
တခါမှ မမြင်ဖူးသောကျောင်းသားတဦး၏ဆွဲခေါ်မှုကြောင့်
သူ ယက်ကန်ယက်ကန်နှင့် ပါလာခဲ့၏။
စုရပ်ကို သူ ရောက်တော့ သူ့ ကိုပျောက်လို့လိုက်ရှာနေသော
သူငယ်ချင်းများနှင့်ပြန်ဆုံရ၏။ သူတို့အဖွဲ့အပါအဝင်
 လူအနည်းငယ်သာ ကျန်တော့သည်။ သူတို့အတွက် ရွေးစရာလမ်း
တခုတည်းသာရှိတော့၏။ အနီးဆုံးထွက်ပေါက်က ကားလမ်း
တဖက်ရှိ သရက်တောဘုန်းကြီးကျောင်းများဆီသို့သာ။
သူတို့အဖွဲ့ကားလမ်းပေါ်အရောက် ထောင့်ချိုးတနေရာမှ
ချိုးကွေ့လာသောစစ်ကားများပုံစံက မြို့တွင်းသို့
သောင်းကျန်းသူများ ဝင်စီးသောပုံစံမျိုးဖြစ်လေသည်။
ဆူညံနေသော သေနတ်သံများကြားမှ သရက်တောဘုန်းကြီးကျောင်းများဆီသို့ .....။                ။
-   -   -   -  -   -   -   -   -   -   -   -   -   -   -   -   -   -   -   -   -   -   -   -   -   -   -   -   -   -   -   -   -
     အားးးးးးးးးးးးးးးးးး
( မြန်မာ စစ်အာဏာရှင်အဆက်ဆက်အား
 ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးသွားကြကုန်သော
 သူရဲကောင်း ရဟန်း ကျောင်းသား ပြည်သူအပေါင်း
 ကောင်းရာသုကတိလားကြပါစေ)
ကိုခိုင်
၂၆-၀၂-၂၀၁၀
(ကိုဇာဂနာနှင့်ဆေးရုံကြီးသို့လာသောရုပ်ရှင်မင်းသားမှာ
 ကိုကျော်သူ မဟုတ်ပါ)
     စစ်အာဏာရှင်စနစ် အမြန်ကျဆုံးပါစေ။
7 comments:
  1. ရုပ်ရှင်မင်းသားက ဘယ်သူလဲ
    ReplyDelete
  2. This is heart breaking true story.
    I can fell it same as you felt.
    ReplyDelete
  3. ဒီအကြောင်းတွေ ပြန်ဖတ်ရတိုင်း ရင်ထဲနင့်နေတုန်းပဲ...
    ReplyDelete
  4. ကျနော်လည်း မြငုံပွင့်ဦး ဆိုပြီး စာတပုဒ်ရေးဖူးပါတယ်...
    http://koluuhtwe.blogspot.com/2009/08/blog-post_03.html
    ကြုံတုန်း ကြော်ငြာဝင်သွားခြင်း ဖြစ်၏...
းဝ)
    ReplyDelete
    ခုထိအဲဒီမင်းသားက ရုပ်ရှင်ရိုက်နေဆဲဟုသိရပါတယ်။
    ကိုဆောင်းယွန်းလ
    မနေ့တနေ့ကလိုပါပဲဗျာ။
    ကျေးဇူးပါ။
    ကိုလူထွေး
    ဟုတ်တယ်ဗျာ
    မြငုံပွင့်ဦး ကိုဖတ်လိုက်ပါပြီ
    ကိုပွင့်ဦးအတွက် လွန်စွာစိတ်မကောင်းဇြစ်ရပါတယ်ဗျာ။
    အားလုံးပဲ လာလည်ကြတာ ကျေးဇူးတင်ပါတယ်။
    ReplyDelete
  6. ဇင်ဝိုင်း ဖြစ်မယ် ထင်ပါတယ်
    ReplyDelete
  7. ဒေါ်ခင်မင်းဇော်
    လာလည်တာကျေးဇူးပါဗျာ။
    ReplyDelete