စွဲထင်ကျန်ရစ်နေသော...နှလုံးသားထဲမှအပိုင်းအစများ(၁)
အရိုးကွဲအောင်အေးသည် ဆိုတာ ကိုယ်တွေ့ ကြုံနေရ ပေပြီ။ ဝါးကြမ်းခင်း အောက်မှ မီးဖိုက မီးညွန့်ပင် မရှိ ချင်တော့ ။
အိပ်မရမဲ့ အတူ ထ ပြီး မီးဖိုထဲသို့ ဝါးခြောက် လေးတွေ ထပ်ထဲ့ ရမလား သူ စဉ်းစားသည်။ ဒါပေမဲ့ စောင်ချုံထားတာ
မခွါချင် ။
အဝေးမှ ခွေး အူသံ လိုလို ကြားလိုက် ချိန်၌ အိပ်ယာဘေးတွင် ထားသော အေကေ ၄၇ ကို စမ်းလိုက်မိသည် ။
အေးစက်စက် အထိအတွေ့ကြောင့် ဖတ် ခဲ့ ဖူးသော ဝတ္တုတခုမှ “အမှောင် ထဲတွင် ပင် အေးစက်မာကြောသော
သေနတ် ဒင်ကို.....”ဟူသောစာသားကို အမှတ်ရလိုက် သဖြင့် ခပ်ယဲ့ယဲ့ ပြုံးလိုက် မိသည်။
“ချေ” ဟောက် တာဖြစ်မယ် ဟု သူ သတိရ သွားသည်။
လွန်ခဲ့သော မိုးရာသီက ”မက်ကသာ” ရွာ ဟောင်း သို့ရောက်ခဲ့စဉ်က သူ ပထမဆုံးအကြိမ်
ကြားခဲ့ရ ဖူးသည်။
ခရီးရှည် ကြီး၏ လမ်းခုလပ် တွင်ပင် အတွေ့အကြုံ ပေါင်းစုံ သူ ရရှိခွင့် ကြုံခဲ့သည်။
”မြစ်ဝါးကုန်း” ရွာအနီး တွင်လည်း တိုက်ပွဲနှင့် ကြုံခဲ့၏။ မက်ကသာ ရွာရောက်တော့ သူတို့အဖွဲ့တွင်
ဆန် နှင့် ဆား မှ လွဲ၍ ဘာမှမကျန်တော့ ။ ရှေ့မှာလည်း မိုးရာသီ တောင်ကျရေ တွေကြောင့်
“မက်ကသာ” ချောင်းက ကြောက်စရာ ကောင်းစွာ အော်မည်၍ စီးဆင်းနေ လေသည်။
“ချေ” ဟောက်သံ ကြားတော့ သူ နှင့်အဖော် တယောက် လာကြိုသော အဖွဲ့မှ သေနတ်ယူ၍
သွား ပစ်ရန် ကြိုးစား ခဲ့ကြသေးသည် ။ ရန်သူ့အခြေ အနေနှင့် လှိုမြောင် ကြီးများကြောင့်
အခွင့် မသာ ခဲ့ ။
သူ တို့ရောက်နေသော ရွာမှာလည်း လူများ စွန့်ခွါ ခဲ့ရသောကြောင့်
ရွာပါတ် လည်တွင် ချုံပုတ် များက ဝိုင်းရံထားပြီး သီးပင် စားပင် များက အရိုင်းစိတ်
ဝင်လျှက် ရှိနေပေပြီ ။ အဆိုပါ အပင်များတွင်ပင် အသီးတွေ မရှိကြတော့ ။
အမိုးနှင့် ဝါးကြမ်းခင်း ပါသော အိမ်ပျက် တော်တော် များများနောက်ဖက်
တွင်တော့ ချဉ်ပေါင်ရိုင်းများ နှင့် ငရုတ်စိမ်း များကိုတော့ ရှာ၍ရသေးသည် ။
သူ တို့တွင်ပါလာသော ဆန် ကုန်သောအခါ မဟာမိတ် ကရင် ထံမှ အလှည့်ကျ
သွားယူကြရသည် ။ တနေ့ သူ နှင့် အဖော်တယောက် ဆန် သွားသယ်တော့
ဆေးလိပ်သောက်၍ စကားပြောနေသော ကရင် စစ်သားများကို လမ်းခုလပ်တွင်
တွေ့ကြလေသည် ။ ထိုအချိန်က သူ့အနေနှင့် ဆေးလိပ် သိပ်မသောက်တတ်
သေးသော်လည်း သူများသောက် နေတာမြင်တော့ ခံတွင်းကချဉ် လာလေသည် ။
နှစ်ဦးသား တိုင်ပင် မထားပဲ ထို ကရင် စစ်သားများကို အတင်းဝင် ရောခဲ့ကြသည် ။
ရန်ကုန် က ပစ်ခတ် သတ်ဖြတ်မှုတွေ အကြောင်း စီကာ ပါတ်ကုံး သူ ပြောပြတော့
မျက်လုံးပြူး ပါးစပ် အဟောင်း သားနှင့် စုတ် တသတ်သတ် ပြု၍ နားထောင် ခဲ့ကြသည် ။
သူ့ စကားအဆုံးတွင် ရိုးသားဖြူစင်သော သူတို့မျက်နှာများတွင် စိတ်မကောင်းခြင်း
အရိတ်အရောင် တွေကို ထင်ထင်ရှားရှား တွေ့ခဲ့ရ၏ ။
“နင် တို့ ဗမာ အခြင်းခြင်း လည်း ပြန်သတ်တာ ပဲလား” ဆို သော စကားသံက
သူ့ နားထဲက တော်တော်နှင့် မထွက် ။
်ဘာပဲ ပြောပြော သူ တို့ ဆန်ထမ်းပြီး အပြန်လမ်း မှာတော့ မျက်နှာပွင့် ခဲ့ကြသည် ။
တောကြောင် ပေါင်တပေါင် နှင့် ဆေးရွက်ကြီး တထုပ် ရခဲ့ ကြ၍ဖြစ်၏် ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရင်ဘတ် နာလာသောကြောင့် ပက်လက် လှန်လိုက်ရ၏ ။
နဖူးပေါ် လက်တင် မလို လုပ်ပြီးမှ မတင်ဖြစ်တော့ ။
အယူမသည်း သော်လည်း ဒီခရီး ကို မကြာစေချင်ပါ ။
ငိုကြွေးနေသော မိခင်များ မျက်နှာကို မတွေ့လိုတော့ ။
ညနေ ထမင်းဝိုင်းလေးတွေမှာ ပျော်ပျော်ရွှင်ရွှင် လက်ဆုံစား နေကြသော
မိသားစု များကိုသာ မြင်တွေ့လိုတော့သည် ။
“မေမေေ၇ာ နေကောင်း ရဲ့လား”
“သား လူဆိုး ကို လွမ်းနေပြီ လား”
အတွေး တွေက ဟိုရောက် ဒီရောက်...။
အိပ်ရာပေါ်တွင် ပက်လက်လှန်ရင်း ခေါင်မိုးပေါ် မော့ကြည့်လိုက်တော့
အမိုးလုပ် ထားသော ဌက်ပျောရွက် အပြဲ ကြားမှ လပြည့်ည
လမင်း ကြီးက ပြုံးကြည့်နေသလို ။
အမေ ပြုံးပြီး ပြနေသလို သူ့စိတ်ထဲတွင် ထင်လာလေသည် ။
အမေ့ အကြောင်း တွေးမိတော့ ရင်ထဲတွင် နွေးသွားလေသည်။
အရိုးကွဲအောင် အေးနေသော ဆောင်း၏ အအေးဒါဏ် ကို သူ မမှုတော့သလို။
မိခင် ၏ မေတ္တာ ကြောင့်ဖြစ်မည် ဟု သူ တွေး၏ ။
အိပ်မရမဲ့ အတူတူ လမ်းထလျှောက်ရင် ကောင်းမယ်ဟု သူ စဉ်းစား၏။
စခန်း တခုလုံးက တိတ်ဆိတ် ငြိမ်သက်လျှက်။
ဝါးရွက်တွေ ကြားက တွေ့ရသော လဝန်းက ကြည်လင်သော
ကောင်းကင်တွင် ကဗျာဆန် နေသလို။
လမ်းလျှောက်ရင်း သူ တောင်ပေါ်တက်ခဲ့၏။
လရောင်က တောင်ပေါ်တွင် ဖြာကြလျှက်ရှိလေသည် ။
လဲ ကျနေသော သစ်ပင်တပင် ပေါ်တွင် ထိုင်ရင်း လပြည့်ဝန်းကို ငေးနေမိသည်။
အမေ့ ကို လွမ်းသလိုလို...။
တက္ကသိုလ်က သူငယ်ချင်း တွေကို လွမ်းနေသလိုလို...
မရှိသေးသော ချစ်သူ ကို လွမ်းနေသလိုလို...။
ဘာ မှန်း မသိ...။
“အမေ့ သားတော့ တော်လှန်တဲ့သူကြီး ဖြစ်နေပြီ အမေရေ့” ဟု
နှတ်မှ ဖွဖွ ရေရွတ် လိုက်မိ၏။ ထိုအကျင့်ကို သူ အမေ့အိမ်မှ ထွက်စဉ်အခါကပင်
အမှတ်မထင် မကြာခဏ လုပ်ခဲ့မိသည် ကိုအမှတ်ရ၏ ။
“အမေ့သားတော့ တော်လှန်ရေးခရီး စနေပြီ အမေ”
“အမေ့သား တော်လှန်သူတွေနဲ့ တွေ့ပြီ အမေ”
“တနေကုန် လမ်လျှောက်ရလို့ ခြေထောက်တွေ ယောင်ကိုင်း ပေါက်ပြဲကုန်ပြီ အမေ”
.......အစရှိသဖြင့်.......။
“ဒီနှစ် ပြီးတာနဲ့ အမေ့သားက ရှေ့နေကြီး လုပ်ပြီး အမေ့ကို ပြုစုမှာပေါ့” လို့
သူက ကလေးဆန်ဆန် ဆိုတော့ ခေါင်းလှမ်းပုတ်ပြီး ပြုံးနေတဲ့ အမေ့မျက်နှာ ကို
သူ ပြန်မြင်ရောင် နေမိ၏ ။
သား သမီး တွေဟာ အမေတွေရှေ့ မှာ ကလေး တွေလိုပါပဲ ဟု သူ တွေး၏ ။
အမေ့ကြောင်း တွေးနေရင်း တလောကအဖြစ်ကို သူ ပြန်အမှတ်ရ နေမိလေသည်။
သူ ခင်မင်ရသော ကျောင်းသားတပ်မတော် တပ်ရင်း (၁၀၂ ) မှ ကိုကိုဦး(ရေး)
တိုက်ပွဲတွင် ကျသွားသည် ဟူသော သတင်းဆိုးကို ကြားရခြင်းဖြစ်၏ ။
ရှေ့တန်းမထွက်ခင် နံနက်ခင်း တွင်ဘဲ “ပနန်းထော်” ဆိုသော ထိုင်း
ရွာကလေးတွင် သူ နှင့်အတူ ကျောက်ဖရုံသီးကြော် ၅ ဘတ်ဖိုးကို ပျော်ရွှင်စွာ
နောက်ပြောင်ပြီး ဝေမျှ စားသောက်ခဲ့ ကြသေးသည်။
ယ္ခုတော့ ကျဆုံးသွားခဲ့ ရှာပြီ။
“ရေး” မြို့နယ် ဇာတိဖြစ်သောကြောင့် သူ့ကို ရေး ကိုကိုဦး ဟု ခေါ်ကြကြောင်း
သူ အမှတ်ရ၏ ။ ခင် မင် နှစ်လိုဖွယ်ရာ အပြုံးကြောင့် လူချစ်လူခင် ပေါများလှသလို
ခေါင်းဆောင်ကောင်း ပီသသောကြောင့် ရဲဘော်များကလည်း ကိုကိုဦး ကို
ချစ်ခင်ကြကြောင်း သူ သိထား၏ ။
ခေါင်းဆောင်ကောင်း တယောက် သူရဲကောင်း တယောက်
ကျဆုံး သွားပြန်လေပြီ။ အဆိုပါ သူရဲကောင်း၏မိခင် ဘယ်လေက်
ခံစား ရမလဲ သူ မတွေးရဲ ။
ဒီ ခရီး ရှည်ကြီး အတွင်း သူရဲကောင်းတွေ ဘယ်လောက် ကျဆုံးရဦးမှာလဲ
သူ မတွေး လိုတော့.........။
အခါအခွင့် သင့်သော တနေ့ကျလျှင် သူတို့၏ အကြောင်းများကို
စုစည်း၍ တခန်းတနား မှတ်တမ်းတင် စာအုပ် ထုတ်မည်ဟု သူ တွေး၏ ။
“သူရဲကောင်းများ၏ ဒိုင်ယာရီ” ဟု ခေါင်းစဉ် ပေးမည်ဟု သူ တေးမှတ်၏ ။
ထိုခဏ၌ လောကကြီး တခုလုံး တိတ်ဆိတ်သွားသလို သူ ခံစားရ၏ ။
လရောင်အောက်တွင် တဖွဲဖွဲ ကျနေသော နှင်းများက မြန်မာပြည်မှ
ကျဆုံး သွားကြသော သူရဲကောင်း များအတွက် ငိုကြွေးနေသယောင်.......။
သူရော ငိုကြွေးနေသလား သူ့ကိုယ်သူ သတိမထားမိ...။
သူ့ ပါးစပ်မှတော့ ဖွဖွလေး ဆုတောင်း နေမိလေသည် ။
“မိခင်နှင့် သားသမီးများ ငြိမ်းချမ်းလွတ်လပ်စွာ အမြန်ပြန်လည် ဆုံတွေ့ကြပါစေ...”
“မိခင်နှင့် သားသမီးများ ငြိမ်းချမ်းလွတ်လပ်စွာ အမြန်ပြန်လည် ဆုံတွေ့ကြပါစေ...”
“မိခင်နှင့် သားသမီးများ ငြိမ်းချမ်းလွတ်လပ်စွာ အမြန်ပြန်လည် ဆုံတွေ့ကြပါစေ...” ။ ။
ကိုခိုင်
၁-၂-၂၀၁၀
ှ့
်
Labels:
အမှတ်တရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment