နိုင်ငံကိုယစ်ပူဇော်ပွဲ


နိုင်ငံကိုယစ်ပူဇော်ပွဲ

ကိုခိုင်

သမိုင်းသစ်
နိုင်ငံရေးသစ်
ပြောင်းလဲမှုအသစ်တွေနဲ့
ခေတ်သစ်ရွာကြီးရဲ့ဆန်းသစ်မှုများထဲမှာတော့
အဖြစ်သနစ်ဆိုးတွေနဲ့မြန်ပြည်သူတွေဘဝက
ညူကလီးယားပိုက်ပြီး တောင်ရှည်ပုဆိုးဝတ်လိုတဲ့
စစ်အာဏာရူးတွေကြောင့်
(တနေ့တခြားပိုပြီး)
ညစ်..ညစ်လာခဲ့ကြရ...။

သူတို့များကြတော့ ...
တဘဝစံတွေမို့လို့
အနေကြာနေကြတာလား ...
ယတြာဘယ်လောက်ကောင်းကောင်း
“ ခန္ဓာ ” သက်ရှည်ပေမဲ့
“ ဇာတာ ” သက်ကရှည်နိုင်ပါ့မလား ...။

ခုလည်း ...ကြည့်ကြပါဦး ...
ကင်းမြီးကောက်ရာသီမှာမှ
ယစ်ပူဇော်ပွဲတော်ကျင်းပကြမလို့တဲ့ ။

လုပ်ခဲ့ကြပုံများ ..
(သူတို့ရဲ့)
အသေထုမဲ့ “ အေဘဒု ” တွေက
လေဥ.. ဥပြီး ပေါက်ဖွါးလာခဲ့
ပြီးတော့...
ဆီလိုအပေါက်ရှာပြီး
ထွက်ကျနေကြပုံများ
လက်တလုံးခြားမက
ကီလိုမီတာပေါင်းမြောက်များစွာခြားသွားအောင်
လှည့်ဖျားတန်ဆာဆင်ထားတဲ့တန်ဖိုးမရှိတဲ့စကားလုံးတွေနဲ့
“လျှာ” နှစ်ခုမကပိုတဲ့အထူးအဆန်းသတ္တဝါကြောင့်
လူစည်း ၊ ဘီလူးစည်း ..ကွဲပြားခဲ့ကြ ။

“ ဥပဒေ အထက်မှာဘယ်သူမှမရှိရ ”
“ မျှတစွာတရားစီရင်ရမယ် ” လို့ ..ဆို..ဆိုပြီး
“ နတ် ” စကားတွေလည်း
(သူတို့ပဲ)
ခဏ...ခဏ..ပြောတတ်ကြပြန်ရော ။

ဟော...ဟိုမှာတော့ ...
ဟန်ဆောင်လောကကြီးထဲ
အပြုံးတုချိတ်ဆွဲထားတဲ့မသတီစရာမျက်နှာတွေက
ထာဝရစစ်ကျွန်ပြုရေးအတွက်မဲဆွယ်နေကြပေါ့ ... ။

ပုလင်းကြီးမြင်နေရက်နဲ့
အထိခံချင်နေတဲ့ “လူပါး” တွေ ...။

ဗေဒင်ဆရာအလိုကျ
“လိမ်” “မာ” နေကြတဲ့ ..
အစိမ်းရောင်တွေ ...။

တနေ့ကများ ...
“နား” ရှိလို့သာကြားရ
“လူ” ဝတ်လဲရလို့..ငိုကြတဲ့ချုပ်ကြီးတွေများ ...
နှာနှပ်တောင်ယူကြရသတဲ့ ..။

“နေရာ” လိုချင်လို့
ပါတ်စီးသူတွေကြပြန်တော့ ..
ဈေးကြီးလို့ငြီးငြူနေကြပုံများ
မေးကြည့်ကြပါဦး ...
“ ဘာများကူညီရဦးမလဲ ” လို့ပေါ့ ။

ရှေ့ပြလိုက် ၊ နောက်ဖွက်လိုက်
ရွှေ့လိုက် ၊ ပြောင်းလိုက်
မန်းလိုက် ၊ မှုတ်လိုက်နဲ့ ..လုပ်မဲ့ဒီပွဲ
“ မှော် ” အတတ်တွေနဲ့မှမဟုတ်တာ
လမ်းဘေးမျက်လှည့်ဆရာတောင်
သူ့ထက်သာဦးမယ် ။

မယုံမရှိကြပါနဲ့
ရပ်ကြည့်နေကြမယ်ဆိုရင်တော့
လှပတဲ့နှင်းမှုံတွေကြားက
သမိုင်းကိုအကျဉ်းတန်စေမဲ့..နိုင်ငံကိုယစ်ပူဇော်ပွဲ
ခုတကြိမ်မဟုတ်သေးရင်
နောင်တကြိမ်မှာ ...
“ သင့် ” အလှည့်ရောက်လာလိမ့်ဦးမယ်  ။              ။


ကိုခိုင်

၎-၀၉-၂၀၁၀