အိပ်မက်များမှနိုးထကြ.....
ကိုခိုင်
အမိနိုင်ငံလွတ်လပ်ရေးအတွက် ...
သူရဲကောင်းတွေအလိုရှိတယ် ။
မျိုးဆက်သစ်အတွက်
လှပတဲ့အနာဂတ်
သင့်လက်ထဲမှာပဲရှိတယ်
အလကားရမယ်တော့မထင်နဲ့ ... ။
တန်ဖိုးရှိတဲ့အရာအတွက်
ခပ်ညံ့ညံ့တွေနဲ့တော့ ...
လဲလှယ်လို့မရနိုင်ဘူး ။
ပါးပါးလေးပဲလုပ်ရင်တော့ ...
အကောင်းဆုံးရဖို့မစဉ်းစားနဲ့ ။
တယူသန်မာနတွေတော့
အချိန်မှီတားဆီးဖို့လိုမယ် ။
ဆင်ချင်တုံတရားနဲ့ညီညွတ်မှုက
အောင်ပွဲဆီသို့ခေါ်ဆောင်နိုင်တယ်
မငြင်းနိုင်ပါဘူး ... ။
ကြီးကြယ်မြင့်မြတ်ခြင်းဆိုတာ ...
သင်လည်းပိုင်ဆိုင်နိုင်ခွင့်ရှိတယ် ။
ဟေ့ .....
ယုံကြည်လိုက်ကြ
သူရဲကောင်းဆိုတာ ...
ဘယ်တော့မှမသေဘူး ... ။
သေခြာတာက ...
“သား” တွေ ညီဖို့လိုတယ် ...
“သား” တွေ ညီဖို့လိုတယ် ...
“သား” တွေ ညီဖို့လိုတယ် ... ။ ။
(စစ်အာဏာရှင်စနစ်ကျဆုံးရမည်။)
ကိုခိုင်
၅-၀၆-၂၀၁၀
၁၆း၄၀
တော်လှန်ရေးနယ်မြေမှဟာသများ(၃)
ဗမာကြီးစကားပြောသူများ
ကိုခိုင်
၈၈၈၈-အရေးတော်ပုံကြီးနောက်ပိုင်း ..ကျောင်းသားတော်တော်များများ ...
မြန်မာနိုင်ငံနယ်စပ်တွေက တိုင်းရင်းသားလက်နက်ကိုင်တွေကြီးစိုးနေတဲ့
ဒေသတွေကို..ရောက်ရှိလာကြအချိန်ကပါ ။ တိုင်းရင်းသားလက်နက်ကိုင်
အချို့နဲ့ ..ဒေသခံတချို့က..သိပ်ပြီးအမြင်မကြည်ကြချိန်ပေါ့ ။ တိုင်းရင်းသား
တွေက အမောင်ကျောင်းသားတွေအကြောင်းပြောချင်ရင်..အခြင်းခြင်းသူတို့
ဘာသာစကားနဲ့ပြောကြပြီး ..ကိုယ်တွေ(ကျောင်းသား) ပြောတဲ့စကားကိုလည်း
သူတို့ကနားလည်နေတော့ တပန်းရှုံးနေတယ်လို့ဆိုကြပါစို့ ။ အထူးသဖြင့် ..
တိုင်းရင်းသူအပျိုချောလေးတွေအကြောင်းကို..သူတို့ရှေ့မှာပြောရမှာအားနာ
ကြရပါတယ် ။ ဒါနဲ့ပဲ ပြောချင်တဲ့အချိန်မှာပြောလို့ရအောင်ဆိုပြီး အခြင်းခြင်း
“အထာစကား” (စကားလိမ်စကား) တွေနဲ့ ပြောဆိုနှတ်ဆက်ကြပါသတဲ့ ...
သူတို့ကလဲကိုယ်တွေရှေ့တင်ပဲ သူတို့ဘာသာစကားနဲ့အတင်းတုတ်ကြတော့
ကိုယ်တွေကလဲ..သူတို့ရှေ့တင်ပဲ ကိုယ်တွေထွင်ထားတဲ့ “အထာစကား”နဲ့
အတင်းတုတ်ကြတာပေါ့ ။
သူတို့နားမလယ်တဲ့စကားဖြစ်နေတော့...မေးကြပါလေရောလား .....
“နင်တို့ ..ဘာစကားတွေပြောနေကြတာလဲ ” ... တဲ့
အဲဒီတော့ .. ပျော်ပျော်နေတတ်တဲ့ကျောင်းသားတယောက်က ..
“ဗမာကြီးစကားပါ” လို့ ပြောလိုက်သတဲ့ ...
ဒီတော့ကား “ကျောင်းသားတွေဗမာကြီးစကားပြောတတ်တယ်” ဆိုပြီး ..
ဒေသအတွင်းတောမီးပမာ ပြန့်နှံ့သွားပါရော..... ။
အဲဒီ့နောက်ပိုင်း ..ကိုယ်တွေအခြင်းခြင်း ..အထာစကားတွေနဲ့ပြောကြရင် ...
သူတို့အခြင်းခြင်း လက်ကုတ်ပြီး ..ပါးစပ်လေးတွေကိုလက်နဲ့ကွယ်လို့
ခပ်တိုးတိုးပြောကြတာက .....
“ကျောင်းသားတွေဗမာကြီးစကားပြောနေကြတယ်”
ကိုခိုင်
၂၈-၅-၂၀၁၀
၁၈း၂၀
တော်လှန်ရေးနယ်မြေမှဟာသများ(၂)
နေကြပါဦး .....ဗျာ
ကိုခိုင်
နယ်စပ်ကစခန်းတွေမှာ...ပေါ်ပြူလာဖြစ်ခဲ့တဲ့စကားတခွန်းရှိခဲ့ပါတယ်။အဲဒီ
စကားကတော့ နောက်ပြောင်ပြီးပြောကြတာပါ။ တခုခုကို မကြေနပ်လို့ဖြစ်
စေ ၊ အလိုမကျလို့ဖြစ်စေ...ဖြစ်လာခဲ့ရင်...ပြောကြတာက...
“ ငါတော့...သတ်မိတော့မယ်...”
...ဆိုတာပါပဲ။ အဲဒီစကားကိုကြားမိရင်...
အနီးဆုံးလူ(သို့) အရင်ဆုံးကြားတဲ့သူက...
“ခဏတော့နေပါဦးဗျ...မနေ့က..ခင်ဗျားသတ်ထားတဲ့အလောင်းတွေတောင်
မြေမမြှုပ်ရသေးဘူး...”
အဲဒီလိုပြောပြီး စိတ်အမောတွေကို ဖြေကြရတာပါ။ မကြေနပ်မှုတွေကို.....
ဖောက်ထုတ်ကြတာပါ ။ တဦးနဲ့တဦးလည်းစိတ်မဆိုးကြပါဘူး ...
အလားတူအဖြစ်အပျက်မျိုးလည်းယ္ခင်ကဖြစ်ခဲ့တာကို ကြားခဲ့ဖူးပါတယ်...
မ.ဆ.လ တပါတီ (တစ်ပါတီ..မဟုတ်ပါ ..း) )ကြီးစိုးစဉ်ကာလက .....
၁၉၇၀-ခုနှစ် နောက်ပိုင်းကာလတွေမှာ မြန်မာပြည်တက္ကသိုလ်အသီးသီးက
ကျောင်းသားလူငယ်တွေဟာ အာဏာရှင်ကိုတော်လှန်ဖို့ တောခိုခဲ့ကြပါတယ်။
အဲဒီအချိန်က စစ်အာဏာရှင်ကို အခြိမ်းခြောက်နိုင်ဆုံး .. နယ်စပ်က...
လက်နက်ကိုင်တပ်တွေထဲမှာ အင်အားအကြီးဆုံး ပါတီနီကြီးတခုရဲ့.....
တပ်ဆီကိုပါ။ သူတို့တက္ကသိုလ်ကျောင်းသားတွေ ရောက်ချိန်က စပြီး ...
ပါတီက လူကြီးတော်တော်များများနဲ့..မကြာခဏ ကတောက်ကဆ မကြေ
မလည်တွေဖြစ်ကြပါသတဲ့ ။တက္ကသိုလ်ကျောင်းသား ...လူငယ်တွေက...
ခေတ်..စနစ်နဲ့ မကိုက်ညီတာတွေ၊ လက်ရှိလူနေမှုဘဝတွေနဲ့ အံမဝင်ဂွင်မကျ
ဖြစ်တာတွေ..ဆွေးမြေ့နေုပြီဖြစ်တဲ့ ဝါဒသဘောတရားတွေကို..ထောက်ပြ
ဝေဖန်..အကြံပြု..ဆွေးနွေး..တင်ပြ..(ဟူးးးးးးးးးးး) ကြသတဲ့ .....
ရွှဲ့ ပြီးတော့လည်း ပါတီလူကြီးတွေကို...အကြီးကျယ်ဆုံး..အမြင့်မြတ်ဆုံး ...
ရှေ့တန်းအရောက်ဆုံး ...ဆုံး ..ဆုံး ..ဆုံး ..ခေါင်းဆောင်ကြီးများ ..လို့လဲ
မကြားတကြားခေါ်ကြ..ပြောကြပါသတဲ့..။
ဆိုတော့ကား ..ကြာလာတော့ ..စာအုပ်နီကြီးတွေထဲမှာ..သူတို့ဘဝတွေကို
မြှုပ်နှံထားတဲ့..ပါတီလူကြီးတွေရဲ့အမြင်မှာ..သူတို့ကို လူငယ်တွေက..
“ပညာတတ်ညဉ်” နဲ့ “ကလန်” တယ်လို့ ထင်လာကြပါရောလား .....
အဲဒီတော့..“ပညာပေးသည်” ဆိုတဲ့စကားလုံးနဲ့ ..ကိုင်...ကိုင်..ပေါက်ပြီး
ပညာပေးတော့ လူငယ်တွေလဲ အတော်အလူးအလဲခံနေကြရပါတယ်...။
လူငယ်..ပညာတတ်လေးတွေကလည်း..“ပညာပေးသည်” ဆိုတဲ့စကားလုံးကို
အတော်ခါးသီးလာကြသတဲ့ ။
တနေ့မှာတော့..စာအုပ်နီလူကြီးတဦးက မျက်နှာနီနီနဲ့ မိန့်ခွန်းချွေပါလေရော..
အဲဒီမိန့်ခွန်းထဲမှာ ...
“...မင်းတို့ရဲ့ ..ပညာတတ်..ဓနရှင်ပေါက်စအကျင့်ဆိုးတွေကို..ပပျောက်
သွားအောင်..တင်းတင်းကြပ်ကြပ် ပညာပေးဖို့..အချိန်တန်ပြီ....”
အဲဒီလိုပါလာပြန်လေတော့...သည်းမခံနိုင်တော့တဲ့လူငယ်တဦး.....
ပြန်ပြောလိုက်တာက .....
“ခင်ဗျားကြီးတို့ကလဲ..နေကြပါဦးဗျာ..မနေ့ကပေးထားတဲ့ပညာတွေတောင်
သုံးလို့ မကုန်သေးဘူး ...”
ကိုခိုင်
၂၆-၅-၂၀၁၀
၁၆း၀၂
တော်လှန်ရေးနယ်မြေမှဟာသများ(၁)
မမေ့နဲ့နော်
ကိုခိုင်
တော်လှန်ရေးနယ်မြေကဟာသလေးတွေပါ။
မြန်မာစာကိုမရေးတာကြာသူများလည်းဖြစ်တတ်ကြပါတယ်။
စာမရေးတာကြာလို့ပြန်ရေးရတဲ့အခါ အရင်လို (မြန်မာပြည်မှာနေတုံးကလို
တော့) မသွက်ကြ ၊ စာလုံးပေါင်းမှားကြဖြစ်တတ်ကြပါတယ်။ တခါတခါ...
စာရေးနေရင်းနဲ့ စကားလုံးလေးတလုံးအတွက် ကြန့်ကြာ(သို့)နှောင့်နှေးတတ်
ကြပါတယ်။ ဥပမာ..... ဘဲ... နဲ့ ... ပဲး))
ဘဲ-နဲ့ရေးရမဲ့နေရာမှာ-ပဲ-နဲ့ရေးမိရင်...အဆိုပါစာရေးသူဟာ...ဘဲတယောက်
ဖြစ်ပြီး...ပဲမများချင်သူ...ဖြစ်ချင်ဖြစ်မှာပေါ့...ဘယ်သူသိနိုင်တာမှတ်လို့း)))
အခြားမှားတတ်တဲ့စာလုံးတွေကတော့...သေနတ်-သေနပ် ၊ ဖက်-ဘက် ၊
ဖူး-ဘူး...စသဖြင့်ပေါ့ .....
အဖြစ်အပျက်လေးက...မြန်မာပြည်ရဲ့တောင်ပိုင်းဒေသမှာဖြစ်ခဲ့တာပါ။
ကျောင်းသားတော်လှန်ရေးသမားတဦးဟာ...သူတို့ရဲ့ရှေ့တန်းနယ်မြေ
ဖြစ်တဲ့ တောင်ပိုင်းဒေသကို စစ်ဆင်ရေးသွားရင်းနဲ့ တိုင်းရင်းသူအပျိုချောလေး
တဦးနဲ့ ချစ်သူဖြစ်ခဲ့ပါတယ်။ စစ်ဆင်ရေးပြီးတော့ အဲဒီကျောင်းသားက.....
နောက်တန်းကိုပြန်လာခဲ့ရပါတယ်။ စစ်ဆင်ရေးဆိုတာကလဲ မကြာခဏ..
ထွက်ရတာမဟုတ်တော့...ရှေ့တန်းကိုမရောက်တာ အတော်ကြာသွားခဲ့ရ
ပါတယ်။ ရှေ့တန်းဆိုတာကလဲ ရဲဘော်အားလုံးအလှည့်ကျထွက်ရတာပါ။
ကျောင်းသားတပ်တွေရှေ့တန်းထွက်လာကြပြီဆိုတဲ့သတင်းကြားရင်...
ရွာကိုရောက်တော့မယ်ဆိုတဲ့သတင်းကြားရင်...လွမ်းနေရရှာတဲ့ တိုင်းရင်းသူ
အပျိုချောလေးက...အပြေးလေးသွား...သွား...ကြိုပါသတဲ့။ ဒါပေမဲ့လည်း
သူမရဲ့ကိုကို ကျောင်းသားတော်လှန်ရေးသမားက...တဖွဲ့မှာလည်းပါမလာ
နောက်တဖွဲ့မှာလည်းပါမလာ ဆိုတော့ နောက်ဆုံးမနေနိုင်တော့လို့ .....
သူမရဲ့ကိုကိုဆီကို လူကြုံနဲ့ အလွမ်းစာလေးပါးလိုက်ပါတယ်.....။
အဲဒီအလွမ်းစာလေးက...ဒီလိုရေးထားပါတယ်...
၁ ၃ိ/-
နေ ကောင်ရဲလား အစ်ကို
ကျွန်းမ ဂို သိတိရ သေးရဲ လား
အစ်ကို တို့ ကြောင်သာ တွေက
မြို မှာ ဆိုတော့
သေဌေးသား သေဌေး သမီး တွေကြားမှာ
ပျော့ နေ မှာပေါ့
လွမ် နေ ရ သူက ကျွန်းမ ပါရှင်
တော် သေ ပီ
အမှ ပါ လျှင် .........
(ပျော်ရွှင်နိုင်ကြပါစေ)
ကိုခိုင်
၂၅-၅-၂၀၁၀
၂၃း၄၀
လွန်ပါစေတော့ .....
လွန်ပါစေတော့ .........
ကိုခိုင်
စားစရာမရှိပါဘူးဆိုကာမှ
ပက်ကြားက .....
အက် ... ပြနေသေး ..... ။
တဘဝစံတွေကတော့ .....
လိုချင်တာရမယ်ဆိုရင်
ဌာပနာတောင်ဖောက်မဲ့ပုံ ..... ။
ရေပေါ်ဆီတွေကလည်း
ပြီတည်တည် မျက်နှာတွေနဲ့ ...
အငန်းမရ .....
မိုးခါးရေကိုတကြိုက်ကြိုက်သောက်ပြလို့ ..... ။
(ကဗျာတွေလာရွတ်ပြမနေနဲ့ဆိုပဲ)
တောက် .........
ငါတို့နိုင်ငံမှာမှ .....
များလိုက်ကြတဲ့ ရန်သူတွေ.....
၅-ပါးတောင် က မယ်မထင်ဘူး ..... ။
လူသားမဆန်သူတွေအတွက် .......
မြန်မြန်သာ .....
မွန်းလွဲလိုက်ပါတော့ ..... ။ ။
(မြန်မာနိုင်ငံသားများဘေးဒုက္ခအပေါင်းမှမြန်မြန်လွတ်မြောက်ကြပါစေ)
ကိုခိုင်
၁၇-၀၅-၂၀၁၀၂း၃၄
တွေးမိတာလေးတွေကိုရေးမိတာပါ
အသံလေးတွေနဲ့ .....
တွေးမိတာလေးတွေ ၊ အမှတ်တရ ကြုံခဲ့ရတာလေးတွေ ၊ အမှတ်မထင်
မြင်တွေ့ရတာလေးတွေကို စာနဲ့ရေးထားရင်ကောင်းမှာပဲလို့ ...
စဉ်းစားမိတာအကြိမ်ကြိမ်ပါ ။ ဒါပေမဲ့ ထုံးစံအတိုင်း နေ့ရွှေ့၊ ညရွှေ့...
ဟိုလုပ် ဒီလုပ်နဲ့... မေ့သွားခဲ့တဲ့အတွေးကောင်းလေးတွေ .....
ဇာတ်လမ်းကောင်းလေးတွေကလည်းမနဲတော့ပါ.....
ဒီတခါတော့ .....(ကြော်ငြာကလဲရှည်ပါ့...း) )
ဒီလိုပါ.....
၈၈၈၈ အရေးတော်ပုံကြီးမှာ ဆန္ဒပြနေစဉ်ကတည်းက ဆုတောင်းမိတာ
လေးပါ ။ တကယ်လို့... ဆန္ဒပြနေတုံး သေနတ်နဲ့ပစ်ခံရလို့ သေသွားခဲ့သည်
ရှိသော် ဝိညာဉ်ဘဝနဲ့ပဲ နေပါရစေလို့ပေါ့ ...အဲဒါဆိုရင် စစ်အာဏာရှင်ကြီး
တွေအနား အချိန်မရွေးသွားနိုင်ပြီး စိတ်ခြောက်ခြားအောင် တချိန်လုံး ...
သူတို့ကို ခြောက်လှန့်နေမယ်...စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်နေမယ်
တကယ်လို့... ကောင်းကင်ဘုံကလာခေါ်ရင်တောင် ဆိုင်းငံ့ထားလိုက်မယ်။
ပြည်သူတွေလက်ထဲအာဏာမအပ်မခြင်း ၊ ပြည်သူ့အစိုးရဖွဲ့ခွင့်မရမခြင်း
ဝိညာဉ်ဘဝနဲ့နေပြီး စစ်အာဏာရှင်တွေကို စိတ်ခြောက်ခြားအောင်
လုပ်ခွင့်ရပါစေဆိုပြီးဆုတောင်းခဲ့မိတယ် ... ။
ဒါပေမဲ့ .....
တတ်သိနားလည်သူတွေကို မေးကြည့်တော့ .....
ဝိညာဉ်ဘဝမှာ....သွားချင်တိုင်းသွားလို့မရဘူး.. ကိုယ့်နေရာမှာပဲ
ကိုယ်နေရတယ်ဆိုပဲ...။
( တကယ်ဟုတ်မဟုတ်တော့မသိပါ...)
နယ်ကျော်ချင်ရင် VISA လျှောက်ရမဲ့သဘော.....ကိုယ်သွားချင်တဲ့
နေရာက ပိုင်ရာ ဆိုင်ရာကို အထာလေးနဲ့ လက်ဆောင်ပဏ္ဍာဆက်သ
ရမဲ့ သဘော ဖြစ်နေပါရောလား.........
ဒါတောင် အဲဒီလိုလုပ်လို့ ရ...မရ...
မသေခြာသေးပါ ... ။
ဒါနဲ့ပဲ...တော်လှန်ရေးနယ်မြေကို မထွက်လာခင်မှာ...ဆုတောင်းလေးကို
ထပ်ဖြည့်ပြီး...ဆုတောင်းခဲ့ရတယ်...
”အကယ်၍...သေသွားခဲ့လျှင် ဝိညာဉ်ဘဝနဲ့ သွားချင်တဲ့နေရာကို
သွားခွင့်ရပါစေ...အဲဒီလိုမှမရ ရင် မသေပါရစေနဲ့ဦး ” လို့ပါး)
ပြောလို့ပြောတာမဟုတ်ဖူး...အဲဒီလိုဆုတောင်းပြီးနောက်ပိုင်း...
သေရမှာ သိပ်ပြီးမကြောက်တော့သလိုပါပဲ...။ ကြောက်တော့
ကြောက်တာပေါ့ ဒါပေမဲ့ မကြောက်ဖူးလို့ပဲပြောရမလား ...း)))
မယုံမရှိကြပါနဲ့...ကိုယ်တွေ့ပါ ။
တော်လှန်ရေးနယ်မြေကိုလာတုံး လမ်းတဝက်တင်ပဲကြုံခဲ့ရတာလေး
ရေးပြပါရစေ...။
အညိုရောင်နယ်မြေလို့ ခေါ်လို့ရနိုင်တဲ့ “ချောင်းနှစ်ခွ”
ဆိုတဲ့ရွာရောက်ချိန်မှာပဲ ဗိုလ်မှုးကြီးဟောင်းစိန်မြ ရဲ့တပ်ဖြစ်တဲ့
ပြည်သူ့ကာကွယ်ရေးတပ် ( P.D.F ) နဲ့ ကျောင်းသားတပ်မတော်
( A.B.S.D.F ) တပ် တွေနဲ့တွေ့ခဲ့ရပါတယ် ။ (A.B.S.D.F) နဲ့ (P.D.F)
တပ်တွေက ၈၈၈၈ အရေးတော်ပုံကြီးကြောင့် ပေါ်ထွက်လာတဲ့
ကျောင်းသားတွေပါဝင်တဲ့ တပ်တွေဖြစ်လို့ ဒေသခံတွေက
ကျောင်းသားတပ်တွေလို့ပဲ သိကြပါတယ် ။
သူတို့ကို ပထမဦးဆုံးအကြိမ် စစ်ဝတ်တန်ဆာအပြည့်အစုံ.....
လက်နက်ကိုယ်စီနဲ့ တွေ့ရတော့ ...တွေ့တွေ့ခြင်းပဲ အရမ်းဝမ်းသာ
ဂုဏ်ယူမိခဲ့တာပါ ။ အရမ်းလဲ တက်ကြွသွားခဲ့ရပါတယ် ။
သူတို့တွေဟာ ပြည်သူချစ်တဲ့ နိုင်ငံ့သားကောင်းတွေဖြစ်နေကြပါပြီ။
သူတို့တွေဟာ...အမေ့ရင်ခွင်ထဲခေါင်းတိုးဝင် မုန့်ဖိုးတောင်းပြီးကျောင်းတက်
ရုပ်ရှင်ကြည့် ၊ လျှောက်လည်နေတဲ့ လူငယ်လေးတွေမဟုတ်ကြတော့ပါဘူး။
မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းပေးတာဝန်တွေကို ပခုံးပေါ်မှာထမ်းရင်း
ပြည်သူ့ဘဝတွေ တိုးတက်သာယာဝပြောစေဖို့ စစ်အာဏာရှင်ကိုတော်လှန်
နေတဲ့ တည်ငြိမ်ရင့်ကျက်တဲ့ သူရဲကောင်းတွေ ဖြစ်နေကြပါပြီ။ တဦးနဲ့တဦး
သေဖော်သေဖက်စိတ်တွေ ၊ အပြန်အလှန်လေးစားမှုတွေနဲ့ တရင်းတနှီး
ဆက်ဆံကြတာလဲတွေ့ရပါတယ်။
သူတို့တွေကိုစတွေ့ချိန်မှာပဲ...ကိုယ့်ရင်ထဲမှာလဲ စကားတွေအများကြီး
ပြောနေလေရဲ့...။
“သူရဲကောင်းတွေနဲ့ ဂုဏ်ယူစွာတွေ့ဆုံရပြီ” လို့ .....
ကိုယ်လဲ နဲနဲ ပါးပါး မိတ်ဆက်ပြီးတာနဲ့ သေနတ်တွေကိုင်ကြည့်...
ကျည်ထည့်တာ... ပစ်ခတ်တာတွေကို ..ရသမျှအချိန်အတွင်းအမြန်
လေ့လာနဲ့ အလုပ်ကိုရှုပ်လို့ ...။ ဟုတ်တယ်လေ...ရှေ့မှာခရီးတွေသွား
ရဦးမှာ ဘာတွေဖြစ်မလဲ ဘယ်သူပြောနိုင်တာမှတ်လို့ .....။
ဒါပေမဲ့ သူတို့ဆီမှာ သေနတ်အပို မပါလာလို့ သေနတ်တော့မကိုင်ရ
သေးဘူး ။ ကိုယ် နဲ့က ရှေ့တန်းမှာဆုံကြတာကိုး ။စခန်းရောက်ရင်တော့
ကိုယ်ကြိုက်တဲ့သေနတ်ကိုင်တဲ့ AK-47 , M-16...စသဖြင့်တခုခုပေါ့ ...
ကိုယ်ကတော့ စတွေ့တွေ့ခြင်းပဲ AK ကို ပိုပြီးသဘောကျမိတယ်။
( နောက်လဲ AK ကိုပဲ ကိုင်ဖြစ်ပါတယ် )
အဲဒီလိုနဲ့...နောက်တနေ့မနက်ရောက်တော့ “ တောင်ပေါက် ”
ဆိုတဲ့ရွာကို စထွက်ခဲ့ကြတယ်။ အဲဒီကနေ “ မြစ်ဝါးကုန်း ”ဆိုတဲ့
ရွာအပြင်ဖက်မှာ တိုက်ပွဲဖြစ်ပါလေရောလား ။ ကိုယ်တွေဖက်ကစပြီး
သွားပစ်တာ ။ န.ဝ.တ-တပ်(အဲဒီအချိန်က-န.အ.ဖ-မဖြစ်သေးပါ)
ဘက်ကလဲပြန်ပစ် ၊ လက်နက်ငယ်တွေရော ၊ လက်နက်ကြီးတွေရောပဲ။
တောင်တွေဝိုင်းရံနေတဲ့နေရာမှာ ပစ်ကြတာဆိုတော့ ရန်ကုန်မှာကြားခဲ့ဘူးတဲ့
သေနတ်သံတွေနဲ့တော့ မတူဘူး။ တောင်နံရံတွေကို ပြန်ကန်လာတဲ့
ပဲ့တင်သံတွေနဲ့ ။ ရုပ်ရှင်တွေထဲက ကြားရတဲ့အသံတွေနဲ့မတူတာတော့
သေခြာတယ်း)
ကိုယ် ကိုတိုင် ပါဝင်နေရတာကိုး ။ ပြီးတော့... လက်ထဲမှာလဲ.....
သေနတ်မရှိ ... ကျည်ဆံမရှိ ... ဓါးလေးတချောင်းတောင်မရှိး(
န.ဝ.တ- တပ်က ပစ်လိုက်လို့ ခေါင်းပေါ်ကနေ ရွှီ ကနဲ ရွှီကနဲ
ဖြတ်သွားသံတွေ ...လေထဲမှာ ဖေါက် ဖေါက် ဆိုပြီး ထပ်ပေါက်တဲ့
နှစ်ဆင့်ကွဲ ကျည်ဆံတွေရဲ့အသံတွေ ၊ မော်တာကွဲသံတွေ ...
အဲ ..... ပြီးတော့ ... ဆဲသံတွေ ...း))
ကိုယ့်ခေါင်းပေါ်က န.ဝ.တ.-တပ်ကပစ်လိုက်တဲ့ကျည်ဆံတွေဖြတ်ပြီးချိန်မှာ
တွေးလိုက်မိတာကတော့ ....
“ ဟ...ဟကောင်တွေရ သောက်ရမ်းပစ်ရသလား ထိ ထဲ့ သွားဦးမယ်ကွ”း)
ဒါပေမဲ့ ကိုယ်က ကိုယ့်ဆုတောင်းနဲ့ ကိုယ်ဆိုတော့.....
“ ဝိညာဉ်ဘဝနဲ့ သွားချင်တဲ့နေရာသွားခွင့်မရရင်ကျည်ဆံတွေလာ
ထိခွင့်မရှိဘူးနော်.... ” လို့တွေးမိတော့ .....
ရွှီ ... ကနဲဖြတ်သွားတဲ့ကျည်တတောင့်က .....
“ စိတ်မပူနဲ့ ... မင်းနံမည်မပါသေးဘူး ...” ဆိုပဲ ...း)))
အဲ.....
ထားလိုက်ပါတော့ .....
အဲဒီဆုတောင်းကြောင့်လားမသိဘူး .........
ကြုံခဲ့ရတာတွေကတော့အများကြီးပါပဲ .........
ကဲ.....
အဲဒီတော့ .....
အသက်ရှင်နေတဲ့အချိန်မှာရော စစ်အာဏာရှင်ကို အသံနဲ့နှိပ်စက်တဲ့
နည်းတွေမရှိဘူးလားလို့ တွေးမိတယ် ...
ရှိပါသော်ကောဗျာ ..... အသံလွှင့်ဌာနတွေရဲ့လေလှိုင်းတွေပေါ့ ...
မြန်မာစကားနဲ့ ထုတ်လွှင့်နေတဲ့ဌာနတွေရှိနေတာပဲ ...။
ညဖက်အစီအစဉ်တွေမှာ...ညပိုင်းမှဖြစ်မှာ .....း)
ညတိုင်း ညတိုင်း ၁၀-မိနစ် (သို့ ) ၁၅-မိနစ် လောက် နေ့စဉ်
စစ်အာဏာရှင်ရဲ့နာမည် ( န.အ.ဖ-ဥက္ကဌ-နာမည် ) ခေါ်...ခေါ်...ပြီး
မေတ္တာပို့ကြရင် မကောင်းဘူးလားလို့ တွေးမိတာပါ ။
ပြည်ပရောက် ဆရာတော်ကြီးတွေက စစ်အာဏာရှင်နာမည်ကို
ခေါ်...ခေါ်...ပြီး ဆုံးမသြဝါဒပေးတဲ့ တရားတွေ ...
ဆရာတော်ကြီးတွေပြီးရင် နောက်ရက်တွေမှာ...ပိုင်ရာဆိုင်ရာက
ဆရာသမားတွေက...စစ်အာဏာရှင်ရဲ့နာမည်ကို မကြာခဏ
ခေါ်ပြီး ... မကောင်းဆိုးဝါးတွေကိုမောင်းထုတ်တဲ့ ဂါထာတွေရွတ်ကြ ...း)))
နောက်တရက်ကြတော့ အဖွဲ့အစည်းအသီးသီးကခေါင်းဆောင်ကြီးတွေက
စည်းရုံးကြ (သို့) အထာလေးတွေနဲ့ပြောကြ...
နောက်တရက်ကြတော့ ...
လူငယ်တွေက န.အ.ဖ ဥက္ကဌ နာမည်ကို ခဏ ခဏ ခေါ်ပြီး ...
ပြစ်ပြစ်နှစ်နှစ်... ဆဲကြ .....အဲ... မေတ္တာပို့ကြ .....း)
အဲဒီလိုတွေးမိတာပါ .....
အဲဒီလို ညတိုင်း...ညတိုင်း အချိန်မှန်မှန်လေး .....
ဒီနေ့ ၈း၃၀ ဆို ညတိုင်း ၈း၃၀ ဆိုရင် မြန်မာတနိုင်ငံလုံး
ည--၈း၃၀ ရောက်တိုင်း နားရွက်တောင်ခတ်ကြမယ်တောင်မထင်ဘူး
ကိုးရီးယား-တို့ ...တရုတ်ကားတို့တောင် နောက်ကောက်ကျသွားနိုင်တယ်။
အဲဒီလို ...ညတိုင်း အချိန်မှန်မှန်လေး စစ်အာဏာရှင်(နအဖ-ဥက္ကဌ)
နာမည်ကို ခဏ ခဏ ခေါ်ပြီး သြဝါဒပေးတာ ၊ အကြံပေးတာ ၊ တိုက်တွန်းတာ
စည်းရုံးတာ ...ပြီးတော့ ...အင်း ... မေတ္တာပို့တာတွေကို နေ့တိုင်းလုပ်ဖြစ်မယ်
ဆိုရင် ... တခုခုတော့ပြောင်းလဲနိုင်ကောင်းရဲ့လို့တွေးမိတာပဲဗျာ ...။
သူက နားထောင်ပါ့မလားဆိုရင် ...
မပူပါနဲ့လို့ ဆိုရမှာပါ။ တာဝန်အရ နားထောင်နေရတဲ့သူတွေ ၊
အသံလွှင့်နေသူရဲ့ စကားလုံးမှားသွားတာ ပြန်ပြင်ပြောတာ .....
စသည်ဖြင့် ... သည် ... ၏ ... မလွဲ ... မှတ်တမ်းတင်နေရတဲ့သူတွေ
ရှိပါတယ် ။ နေ့စဉ် အစီရင်ခံစာတွေထဲမှာ အသံလွှင့်ဌာနက ထုတ်လွှင့်ချက်တွေ
INTERNET ပေါ်က အကြောင်းအရာတွေက လောလောဆယ်အရမ်း
အရေးကြီးတဲ့ အစီရင်ခံစာတွေထဲမှာ ပါတယ်လို့ ကြားရတာပါပဲ ။
အဲဒီတော့ .....
အသံလွှင့်ဖြစ်ဖို့က ...ကိုယ်တွေရဲ့ အလုပ်ပါ ...။
တွေးမိတာလေးတွေကို .....
ခုမှပဲ ရေးဖြစ်ပါတော့တယ် .....
ဖတ်မိကြသူတွေအထဲမှာ ပိုကောင်းတဲ့ အတွေးတွေ အစီအစဉ်တွေ
ပေါ်လာရင်ပိုကောင်းတာပေါ့ဗျာ ။
ကိုယ့်နိုင်ငံ ... ကိုယ့်လူမျိုးအတွက်ပဲ ....... ။
အမိမြန်မာနိုင်ငံရဲ့ .....
အမျိုး ... ဘာသာ .....သာသနာကို
ဖျက်ဆီးနေတဲ့ .....
လက်တဆုတ်စာ စစ်အာဏာရှင်တွေ မရှိမှ .....
စစ်အာဏာရှင်စနစ်မရှိတော့မှ ...
ခေတ်မှီတိုးတက်တဲ့နိင်ငံတည်ဆောက်နိုင်မယ်ဆိုတာ
အသိဥာဏ်ရှိတဲ့ မြန်မာနိုင်ငံသားတိုင်းသိနေကြတာပါ။
နံက်စောစော ရဟန်းတော်တွေစီတန်းဆွမ်းခံကြွလာတာကိုဖူးတွေ့လိုလှပါပြီ။
မြန်မာပြည်သားတွေအကုန်လုံးပျော်ရွှင်နေတာမြင်လိုလှပါပြီ။
မိဘနဲ့သားသမီးတွေ လွတ်လပ်ပြုံးရွှင်ကြည်နူးစွာဖြင့်ပြည့်စုံသော
ထမင်းဝိုင်းလေးတွေမှာ လက်ဆုံစားသောက်နေတာတွေကို
မြင်တွေ့ လိုလှပါပြီ ...။ ။ကိုခိုင်
၁၅-၀၅-၂၀၁၀
၃း၀၆
(မြန်မာနိုင်ငံတွင်စစ်အာဏာရှင်စနစ်မြန်မြန်ကျဆုံးပါစေ)
ဖြစ်သင့်လား
ဖြစ်သင့်လား .....
..... ကွာ .....
ထွားကြိုင်းလိုက်တဲ့ .....
ဟိုကောင်ကြီးတွေများ .....
ရှည်နေလိုက်တဲ့အသက်တွေ ..... ။ ။
ကိုခိုင်
၁၅း၀၄
(မြန်မာနိုင်ငံတွင်စစ်အာဏာရှင်စနစ်
မြန်မြန်ကျဆုံးပါစေ )
ကျေးဇူးအထူးတင်ပါသည်
ကျေးဇူးအထူးတင်ပါသည်
ဦးမောင်မောင်ငြိမ်း ( ခ ) ကဗျာဆရာငြိမ်းလူ
အသက် ( ၄၃ ) နှစ်
အထွေထွေအတွင်းရေးမှုး
နိုင်ငံရေး စစ်ရေးဦးဆောင်ကော်မတီ
ပြည်သူ့ကာကွယ်ရေးတပ် ( PDF )
အယ်ဒီတာချုပ်
ရိုးမ ( ၃ ) သတင်းဌာန ။
ကျေးဇူးအထူးတင်ပါသည်။
ကိုငြိမ်း ကွယ်လွန်ချိန်မှစ၍ ရက်လည်ဆွမ်းသွပ်ပြီးချိန်အထိ
ဦးစီးဆောင်ရွက်ခဲ့သော (PDF ) တပ်ဖွဲ့မှုး ဦးကျော်ထက်နှင့်
တပ်ဖွဲ့ဝင်များ ၊ တပ်ဖွဲ့ဝင်ဟောင်းများ ၊ အဖွဲ့အစည်းအသီးသီး
မှပုဂ္ဂိုလ်များ ၊ အစစအရာရာအကူအညီပေးကြသောမိတ်ဆွေ
သူငယ်ချင်းများ ၊ အမှတ်တရ စာများ ကဗျာများရေးသားပေး
ကြသူများ အားလုံးကိုကျေးဇူးအထူးတင်ပါသည်။
ကိုငြိမ်းရေ.......
ကိုငြိမ်းအတွက်ရည်စူးပြီးပြုခဲ့သမျှကုသိုလ်အဝဝကို
ရောက်ရာဘုံဘဝမှ သာဓုခေါ်ပါတော့.........
ကိုငြိမ်းရေ.......
အမျှ.....အမျှ.....အမျှ
ကိုငြိမ်းကောင်းရာသုဂတိလားပါစေ ။
AUSTRALIA ရောက် PDF ရဲဘော်ဟောင်းများနှင့်
မိတ်ဆွေသူငယ်ချင်းများ ။
၉-၀၅-၂၀၁၀
၂၃း၄၀
ည
ည
မောင်ငြိမ်းလူ ( ဟယ်လ်ပင် )
ခပ်အုပ်အုပ်
ယမ်းပေါက်သံတွေကြောင့်
ခံစားမှုမပါဘဲ
တိုက်ပွဲထဲမလာပါနဲ့တဲ့
မြို့မက
မျက်ရည်လိမ်း
အဖြုအစိမ်းလေးစကားအဆုံး
နေဦး... ညီ...
ဒီကောင်တွေလက်ဦးသွားပြီလို့
ကျနော်ပြောခဲ့မိပါရဲ့ ။
လှုပ်တာထက်ပိုတဲ့နှလုံးသားက
ကျုပ်ရင်ကို
ညနက်နက်မှာကြိမ်မီးအုံးတာမို့
ချီတက်ခဲ့.....ချီခဲ့
ကမ္ဘာမကြေသီချင်းတွေသီဆို
ကိုလိုနီခေတ် လူနာရုံလမ်းမထဲ
သွေးသံတွေရဲရဲရယ် ။
ပပဝင်းရုံနောက်ထဲ
ကတ္တရာလမ်းကုတ်ကုတ်မှာ
သဲသဲလှုပ်နေတဲ့လူအုပ်ရယ်
ဘီလူးတွေရယ်
ခပ်ကျဲကျဲမီးတိုင်အောက်
ပြည်သူ့ပြောက်ကြားတယောက်
ညာသံက
လူရိုင်းတွေကို
ပြည်သူ့တံတိုင်းနဲ့ချေမှုန်းကြတဲ့.....
လှလိုက်တဲ့စကား
သြဂတ် မိုးစက်ကြား
ို
ညကြီးမင်းကြီးလန်းတဲ့
ပန်း.....
ခုထိလွမ်းဆဲ ။
ဒါနဲ့ ခံစစ်တွေပြင်
တိုးစစ်တွေဆင်ခဲ့ပေါ့
ညီ...မင်းခုရှိလောက်ဆို
တဆယ့်ရှစ်နှစ်အစ်ကိုတို့ထက်
ပျိုမြစ်မှ
ဆယ်စုနှစ်တခုပဲ...
ချီလှဲ့ပါ့...ရဲရဲ
မိုးစက်ကျ လတွေထဲ
ချီလှဲ့ပါ့
မြို့ပြညတွေထဲ
မောင်းပြန်တွေကဖြင့်
ယမ်းမစဲ......... ။ ။
( ဖြတ်သန်းခဲ့သည့်နေ့ရက်များသို့ )
မောင်ငြိမ်းလူ ( ဟယ်လ်ပင် )
၅-၀၅-၂၀၁၀
၁း၄၀
ပြောင်းခင်းထဲကနေ (သို့မဟုတ်) ရင့်ကျက်စေသောစာမျက်နှာ
( ၁-၀၅-၂၀၁၀-ကိုငြိမ်း၏နောက်ဆုံးခရီးမှဓါတ်ပုံများကို
ရိုးမ-၃-သတင်းဌာနမှ ရယူပါသည်။ )
ပြောင်းခင်းထဲကနေ ( သို့မဟုတ် )
ရင့်ကျက်စေသောစာမျက်နှာ
မောင်ငြိမ်းလူ ( ဟယ်လ်ပင် )
ထားခဲ့ညနဲ့
သွားမဲ့ည
မှောင်တာ...တူတာပဲလား...
ဖနောင့်မှာ
မနှတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား
ထိတာနဲ့
ရုန်းဖို့လား
အနီလား
အစိမ်းလား
ကမ်းပါးကိုမထိတဲ့ လှိုင်းဆိုတာကော
ရှိလား
ညကိုလမ်းလျှောက်
တောင် မြောက် ကို ကြည့်ခွင့်မရတာ
အပြစ်လား
ဖုန်းဆိုးတောင်ယာ
တသီတတန်း
ဒီလမ်းကိုတော့ ကဗျာမဖွဲ့နဲ့
တို့မှာ
တောင်တန်း
ကမ်းပါး
လမ်းသွားတွေရှိပါလျှက်
ဖြစ်ရရင်လေ
ရက်ရက်စက်စက်
အရည်ပြားပေါ်မှာ
ထင်ကျန်နေတဲ့
အမဲစက်တစက်အတွက်
ခရီးမထွက်နဲ့လို့
ပြောပြသူတွေအတွက်တော့
မနက်ဖြန်မှာ
လ္ဘက်ရည်ဖန်ဖန်လေး
တခွက်.....
တိုက်လိုက်ပါ
ဒါပြီးရင်လေ
သူတို့က
ပါရီက နံရံတွေအကြောင်း
ဇီမာလမ်းဆုံအကြောင်း
ခင်ဗျားကို...
ကောင်းကောင်းပြောပြလိမ့်မယ် ။
ဆေးရေးနှတ်သွင်း
ချစ်ခြင်းသီဖွဲ့
ဗင်းနစ်ရဲ့
ပန်းခင်းလှေတွေအကြောင်း
မညောင်းတမ်းပေါ့
မြင်းတစီး
ဓါးတလက်နဲ့
ဇောရိုးရဲ့
ရုပ်ရှင်ကို
မကြည့်ရစကောင်းလားလို့
စောင်းပါးရိပ်ခြေ
ပြောလေအုံးမယ်
ပြီးတော့...
စစ် တွေညှပ်ထားတဲ့
ပေါင်မုန့်တချပ်လက်ဆောင်
စကပ်တိုတိုပေါင်ပေါ် တင်ပေးလိုက်မယ်
အဲဒီအချိန်မှာပဲ
အသံမကြားအောင်
ကြွေရေသုတ်
ပန်းကန်တချပ် ကွဲ
ဟန်ဆောင်ပြီး ထွက်ခွါသွားမြဲ..... ။
ခင်ဗျားတို့ လေ့လာနေကြ
ကဗျာထဲက
နာရီမဲ့တဲ့
အိုကိုးရဲ့ ဘဝထဲမှာ
ကျနော်မွေးတုန်းကလည်း
လင်းကြက်တွန်စဲ
တောင်ယာပေါ်ချိန်ပဲနော်..... ။ ။
မောင်ငြိမ်းလူ ( ဟယ်လ်ပင် )
၎-၀၅-၂၀၁၀
၁၅း၀၃
တောင့်တခြင်း
တောင့်တခြင်း
မောင်ငြိမ်းလူ ( ဟယ်လ်ပင် )
သက်သေပြစရာမရှိတဲ့
ကျဆုံးခြင်းလို့
မိစ္ဆာတွေ
ပြုံးနေတဲ့အခိုက်.....
ဝင်းပတဲ့
ကြယ်တပွင့်ဖြစ်သွားတော့
နင်းချစရာ
မြေမရှိတော့မှန်း
သူတို့...သိမ်ငယ်စွာနဲ့
သိမြင်သွားတယ် ။
အောင်မြင်ခြင်းဆိုတာ
ခင်ဗျားက
ကျနော့်ကိုသင်ပြသွားတယ်...။
ဒဏ်ရာရနေတဲ့
ခေါင်းဆောင်ကောင်းဟာ
သူ့ရဲဘော်တွေကို
သိပ်လှတဲ့မုသားကိုသုံးပြီး
တိုက်ပွဲကိုနိဂုံးချုပ်ပေးနိုင်တယ်တဲ့ ။
ရုတ်တရက်ဆိုတဲ့
စကားလုံးထက်
ရဲဘော်အတွက်
အဲ့ဒီည အိပ်ပျက်တယ် ။
ညတိုင်းမှာ
ခင်ဗျားရယ်
သူရဲကောင်းတွေအကြောင်း
အိပ်မက်ပေါင်းများစွာနဲ့
အိပ်ပျက်ခွင့်ပြုပါ... ။ ။
(စစ်အာဏာရှင်တို့၏အကျဉ်းထောင်အတွင်း
ကျဆုံးသွားခဲ့ရသော
ကျောင်းသားခေါင်းဆောင်
ကိုသက်ဝင်းအောင်သို့... )
မောင်ငြိမ်းလူ ( ဟယ်ပင် )
၎-၀၅-၂၀၁၀
၇း၂၀
ို
Subscribe to:
Posts (Atom)






