“အားးးးး”
သူ လန့်နိုးသွားခဲ့လေသည်။ နာကျင်သွားသော ဗိုက်နေရာကို
လှမ်းကြည့်လိုက်မိတော့ ခြေထောက်တချောင်းက အခန့်သား...။
မြန်မာ့လက်ဝှေ့တတ်သော ရဟန်းပျိုလူထွက်က သူ့ အနီးတွင်
အိပ်လျှက်ရှိပြီး တုန်ရီလျှက် တ ဟီး ဟီး နှင့် ဖြစ်နေပေပြီ။
ပါးစပ်မှလည်း “အမေ” “အမေ” ဟု ညီးတွားလျှက်ရှိ၏။
“အကို.....ဘာဖြစ်လို့လဲ ခုန အော်သံကြားတယ်”
အမောတကောပြေးလာပြီး မြိတ် သံ ဝဲဝဲလေးနှင့်ပြောသောကြောင့်
သူ လှည့်ကြည့်မိလိုက်၏။ မြိတ် မြို့သား ဆေးမှုး ကိုဝင်းမြင့် ကို
တွေ့လိုက်ရ၏။ သည်စခန်းသို့ ရောက်လာသမျှ လူသစ်များကို
ဖော်ဖော်ရွေရွေနှင့် ဆက်ဆံတတ်ပြီး ဆေးကုရာတွင်လည်း
စေတနာပါထည့်ပြီး ကျင်ကျင်နာနာကုတတ်သူတယောက်ဖြစ်သည်။
မြန်မာစကားကို မြိတ်သံဝဲဝဲလေးနှင့်ပြောပုံက နားထောင်၍
ကောင်းလှသည်။
“ကိုဝင်းမြင့်ရေ...ကျွန်တော့်ကိုဗျာ...ဦးဇင်းက...ဘယ်အချိန်ထဲက
မကြေမနပ်ဖြစ်နေလည်းမသိဘူး...ယောင်တယ်ဆိုပြီး.....
ဖနောင့်နဲ့ပေါက်လို့.....လန့်အော်ပြီးနိုးလာတာဗျို့...”
သူ ၏ ခရီးရှည်ကြီးအစမှာပင် ရန်ကုန်၌ အဆိုပါရဟန်းပျိုလူထွက်နှင့်
ဆုံတွေ့ပြီး အတူတူလာခဲ့ကြခြင်း ဖြစ်လေသည်။ စ တွေ့စဉ်က
ရဟန်းဘဝဖြစ်သောကြောင့် လူထွက်ပြီးသော်လည်း သူတို့အနေဖြင့်
“ဦးဇင်း” ဟု နှတ်ကျိုးနေကြပေပြီ။
“နေ့လည် မအိပ်ရင်တော့ အကောင်းဆုံးပဲဗျ...ဌက်ဖျုား
တက်တတ်တယ်...ကျွန်တော်ထင်တာတော့ ဦးဇငိး တက်နေပြီ
နဲ့ တူတယ်...ကျွန်တော်ဆေးအိတ်သွားယူလိုက်ဦးမယ်...”
“အေးဗျာ...မနက်က ကျောက်ဖရုံသီးနဲ့ ငါးသေတ္တာစားပြီး...
ငိုက်လာလို့ ခဏဆိုပြီးမှေးလိုက်တာ အိပ်ပျော်သွားတယ်။
ခုတောင် ချမ်းစိမ့်စိမ့်ဖြစ်နေပြီ...”
သူ ပြောပြီး ဦးဇင်း ဖက်လှည့်လိုက်တော့ တဟင်းဟင်းနှင့်
တကိုယ်လုံးတုန်တုန်ရီရီနှင့် ဖြစ်နေပေပြီ။
“ဦးဇင်း.....ဦးဇင်း.....သတိထားနော်...”
“အင်း.....အင်း.....ဆောရီးဗျာ...ကျွန်တော်ဌက်ဖျားတက်နေပြီ...
ဌက်ဖျားတက်ရင် တက် တတ်လို့...ယောင်တတ်လို့ပါ...”
“ရပါတယ်ဗျ...ကျွန်တော် နင်းပေးရမလား...”
“ရတယ်.....ရတယ်...”
ခဏကြာတော့ ဆေးမှုးကိုဝင်းမြင့် ဆေးအိပ်နှင့်အတူ ပြန်ရောက်လာပြီး
ဦးဇင်း အား စမ်းသတ်ခြင်း ဆေးထိုး ဆေးတိုက်ခြင်းများ ပြုလုပ်ပေးသည်။
“မသက်သာရင်တော့ ဆေးရုံပို့ကြတာပေါ့ဗျာ”
“ဦးဇင်း မှာ ဌက်ဖျားအခံရှိတယ်လို့တော့ ကျွန်တော့်ကို
ပြောဖူးတယ် ကိုဝင်းမြင့် ရေ ကျွန်တော့်ကိုလဲ ၂ လုံးလောက်
ပေးပါဦးဗျာ သောက်ထားရင်ပိုကောင်းမယ်ထင်တယ်...”
သူ့ လက်ထဲ ဆေး ၂ လုံးရောက်တာနဲ့ အမြန်ပါးစပ်ထဲကောက်ထည့်၍
ရေသောက်လိုက်ရသည်။
ကိုရွှေဌက်ဖျားဆိုသော ငနဲ က ဘယ်သူမှမျက်နှာလိုက်တာ
မဟုတ်။ သူ၏ မိတ်ဆွေဖွဲ့မှုက လွန်လွန်းသည်။ မ ခင်ခြင်ပါဆိုလည်း
မရ။ သူ့ ပိုင်နက်ထဲ ရောက်သူမှန်သမျှ အတင်း ဝင်လုံး၍
ဝင်ပူးတော့သည်။ သူ အချစ် ကြီးလာလျှင်တော့ ခရီးရှည်အဝေး
ကြီးသို့ ပို့လွှတ်တတ်လေသည်။
“ကိုဝင်းမြင့် ရေ ညစာကိုတော့ ကျွန်တော် ငပိသုတ်နဲ့ပဲ
စားတော့မယ်ဗျာ...ကျောက်ဖရုံသီးနဲ့ ငါးသေတ္တာ ထပ်စား
ရင်တော့ နား လိမ့်မယ်နဲ့ တူတယ်...”
“ညစာအတွက် ဟောင်ကောင် သား ချက်ထားတယ်...”
“ဟောင်ကောင်.....အာ.....ကျွန်တော်စားလို့မရဘူးဗျ...”
“ဘာလို့.......”
“ကျွန်တော်တို့ ဆရာတော်က စုတ် ထိုးပေးလိုက်လို့...”
သူ့ စကားအဆုံးမှာတော့ ဆေးမှုးကိုဝင်းမြင့်က စဉ်းစားဟန်ပြု၍
“ဒါဆိုရင် ခင်ဗျားအတွက် ကျွန်တော် ဌက်ပျောအူအနုနဲ့
ကြက်ဥ ချက်ပေးမယ်...ဦးဇင်း အတွက်ကတော့ မာမား
ပဲ ပြုတ်လိုက်တော့မယ်...”
“ဟား.....ကောင်းလိုက်တဲ့အစီအစဉ်ဗျာ.....ခင်ဗျားရဲ့ဌက်ပျောအူ
အနု လက်ရာ တော်တော်စားကောင်းတယ်လို့ သတင်းကြားပြီးသားဗျ
ချက်ပုံချက်နည်း ကျွန်တော့်ကိုလည်း သင်ပေးဗျာ...”
သူတို့ နှစ်ဦး စကားတပြောပြောနှင့် စားဖိုဆောင်နားရောက်တော့
ဟင်းအိုးအနားမှာ ဝိုင်းအုံနေကြပေပြီ။ ဟင်းခတ်အမွှေးအကြိုင်
များ၏ အနံ့ကြောင့်လော...ချက်တတ်သူ၏ အစွမ်းကြောင့်လော.....
မသိ...ဟင်းနံ့ကတော့ မွှေးကြိုင်လျှက်ရှိနေပေသည်။
“မြန်မြန်ကျက်ပါတော့ဗျို့...”
“မန်း ခူးထားလိုက်တော့မယ်...”
“စားမရလေ.....ကျက်မှမကျက်သေးပဲ...”
“မန်း ဆာနေပြီကွ.....”
“အိုးသားလေး ဘယ်နားမှာတွေ့မိလဲဟေ့...
ဌက်ပျောအူ ချက်မလို့...”
“ မသိပြီ...”
“ဌက်ပျောအူ မလိုပြီ အသားတွေရှိနေပြီလေ...”
“တချို့ စားမရလေ.....”
သူ ရောက်စက နားမယဉ်သေးသောကြောင့် တချို့စကားတွေ
သူ နားမလည်။ အသံဝဲဝဲနှင့်ပြောတာတော့ နားထောင်၍
ကောင်းလှသည်။ “မသိပြီ” “မရှိပြီ” “ကြေးပြား(ကျီးပြား) = ပိုက်ဆံ
မရှိတော့ပြီ” (ကျီးပြားမရှိတော့ပြီ) .....စသည်ဖြင့်.....။
တနေ့တော့ သူ က...
“အဿပြာ မရှိ၍ ဝယ်မရပြီ”
ဟု ပြောလိုက်တော့ အတော်သဘောကျသွားကြသည်.။
“အကို ...စားမရဘူးလား.....”
“ဟင်းနံ့ ကတော့တော်တော်မွှေးတာပဲ။ ခင်ဗျားတို့ပဲစားကြပါဗျာ”
“ဘာလို့.....ရတုံးစားထားနော်...တခါလေမှစားရတာ...”
“စားကြပါဗျာ.....”
“ဒီပြင် ဘာသားတွေ မစားဘူးလဲဗျ။ ကျွန်တော်တို့တပ်ကတော့
အစုံစားရတယ်ဗျ။ မြောက်..ဂျီ..ဝက်ဝံ.. လိပ်..မြွေ..ဖြူ..
တောဝက်..ကြွက်..အများကြီးပဲဗျို့...တော်လှန်ရေးလာလုပ်ပြီး
အစားရွေးမယ်ဆိုရင်တော့...ခင်ဗျား...ငတ်လိမ့်မယ်...”
“ဟား.....မိုက်တာပေါ့ဗျ.....ကျွန်တော်က
ဟောင်ကောင် သား ကလွဲရင်အကုန်စားတယ်ဗျ.....”
“ဟား.....ဟား.....ဟား....ဟား....ဟား.....”
တဖွဲ့လုံး လွတ်လွတ်လပ်လပ်ရယ်မောသံများကြားတွင်
သူ့ ထံသို့ပါအပျော်များ ကူးစက်လာခဲ့ရသည်။ သူ တို့ထံတွင်
ပျော်စရာ ဘာမှမရှိပါ။ နွေးထွေးလုံခြုံ အေးမြ၍ မေတ္တာရိပ်များ
လွှမ်းခြုံနေသော အမေ့အိမ်နှင့် အဝေးတနေရာတွင် တခါမှမမြင်
မသိကျွမ်းဘူးသော အမိမြန်မာနိုင်ငံကို ချစ်သူများ တော်လှန်ရေး
နယ်မြေတွင် လာရောက် ဆုံတွေ့မိကြသည်။ ရည်ရွယ်ချက်
တူသူများဖြစ်၍ ခဏတာအချိန်အတွင်း ရင်းနှီးခင်မင်မှုဖြစ်ခဲ့ကြပြီး
တဦးနှင့်တဦး ဖေးမ ကူညီရင်း သည်ခရီးကြမ်းကြီးကိုအတူတကွ
ဖြတ်သန်းနေကြခြင်းဖြစ်သည်။ တဦးနှင့်တဦး နောက်ပြောင်
ကျီဆယ်၍သာ အလွမ်းများကိုချိုးနှိမ်၍ ဖြေသိမ့်နေကြရခြင်း
ဖြစ်ကြောင်း သူ နားလည်မိလေသည်။
ဆရာတော် စုတ်ထိုးပေးထားလို့ဟု ထပ်ပြောမည်ပြုပြီးမှ
မသိမသာပဲ စကားစဖြတ်လိုက်မိသည်။ ဆရာတော် ဆို၍
သူ တခုသတိရသွား၏။ ရန်ကုန်တွင်ရှိနေစဉ်က သူ သတင်း
တခု ကြားရသည်။
ခရီးသည်တင်လေယာဉ်တစီး အမေရိကန်လေဆိပ်တခုသို့
ဆင်းကာနီးတွင် အင်ဂျင်တလုံးရပ်သွားခဲ့သည်။ ထို့ကြောင့်
လေယာဉ်မှုးက ခရီးသည်များကိုအသိပေး၍ လေယာဉ်မယ်များ
ကိုလည်း ခရီးသည်များအတွက် အရေးပေါ်အစီအစဉ်များကို
ပြုလုပ်ပေးစေခဲ့သည်။
ခရီးသည်များကို အသိမပေးမှီ အင်ဂျင်တလုံး ရပ်သွားပြီး
ကတည်းက လေယာဉ်က လူးနေပြီး မနဲ သတိထားပြီး
ထိမ်းပြီးမောင်းနေခဲ့ရသော်လည်း ခရီးသည်များကို အသိပေးပြီးနောက်
လေယာဉ်က ငြိမ်သွားသလို ဖြစ်သွားလေသည်။ ပုံမှန်အတိုင်း
မောင်းရသော အနေအထားမျိုးပြန်ဖြစ်သွားသောကြောင့်
လေယာဉ်မှုးများ အံ့အားသင့်သွားကြသည်။ ထူးဆန်းသော
အဖြစ်ကြောင့် လေယာဉ်မှုးနှင့် လက်ထောက်လေယာဉ်မှုး
နှစ်ဦးစလုံး ပျက်နေသောအင်ဂျင်ရှိသည့် လေယာဉ်တောင်ပံ
ဆီသို့ ကြည့်လိုက်သောအခါ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါး
အဆိုပါတောင်ပံပေါ်တွင် ထိုင်လျှက်ရှိသည်ကို အံ့သြစွာတွေ့ကြရ၏။
ထို့နောက် လေယာဉ်သည် ချောမွေ့စွာဖြင့် ဆင်းသက်နိုင်ခဲ့လေသည်။
လေယာဉ်ဆင်းပြီးနောက် လေယာဉ်မှုးများက ခရီးသည်များကို
တောင်းပန်ရန်အတွက် လိုက်လံနှတ်ဆက်သောအခါ သူတို့
နှစ်ဦးစလုံး လေယာဉ်တောင်ပံပေါ်တွင် ထိုင်လျှက်တွေ့ခဲ့ရသော
ဗုဒ္ဓဘာသာဘုန်းတော်ကြီးကို ခရီးသည်များအကြားတွင်
တွေ့လိုက်ရသဖြင့် အံ့သြဝမ်းသာ သွားခဲ့ကြလေသည်။
ထို့နောက် အဆိုပါဘုန်းတော်ကြီးထံ သွားရောက်မိတ်ဆက်ပြီး
အကျိုးအကြောင်း မေးမြန်းခဲ့ကြလေသည်။ ဆရာတော်၏
ဘွဲ့တော်ကိုတော့ မမှတ်မိတော့ပါ။ ဆရာတော်က အမေရိကန်
နိုင်ငံသို့ ဗုဒ္ဓသာသနာပြန့်ပွါးရေးအတွက် သာသနာပြုလုပ်ငန်းများ
လုပ်ဆောင်ရန် မြန်မာနိုင်ငံမှ ကြွရောက်လာကြောင်းမှအပ
အခြားက္ကိစ္စများကို မမိန့်ဆိုပါ။
သို့ပါသော်လည်း အထူးသဖြင့် အမေရိကန်လေယာဉ်မှုး
ကြီးက ဆရာတော်ကြီးအား လွန်စွာစိတ်ဝင်စား၍ လွန်စွာ
ကြည်ညိုသွားခဲ့လေသည်။ ထို့နောက် သူ၏ အားလပ်ချိန်
များတွင် ဆရာတော်ကြီးထံသွား၍ တရားနာခြင်း
ဗုဒ္ဓဘာသာ စာအုပ်များကို ဖတ်ရှုလေ့လာခြင်း ဆရာတော်ကြီး
နှင့် တရားဆွေးနွေးခြင်းများ ပြုလုပ်ပြီးနောက် အားမရတော့
သဖြင့် လေယာဉ်မှုးကြီးအဖြစ်မှ အနားယူပြီး ကိုယ်တိုင်ကျင့်ကြံ
အားထုတ်ရန်အတွက် မြန်မာပြည်သို့သွား၍ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးအဖြစ် ဆရာတော်ကြီးထံတွင် တပည့်အဖြစ်
ခံယူခဲ့ကြောင်း ကြားသိခဲ့ရသည်။
သူ တော်လှန်ရေးနယ်မြေသို့ မထွက်လာခင်ကြားရသည်
မှာလည်း အမေရိကန် ခရီးသည်တင်လေယာဉ်မှုးဟောင်း
ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါး ဘုရားသုံးဆူ ကျောင်းသား
စခန်းအနီးတွင် သီတင်းသုံးနေကြောင်း ကြားသိခဲ့ရသည်။
အဆိုပါဆရာတော်ကို သူ ဖူးချင်နေသည်။
“ကိုဝင်းမြင့်...တခုလောက်မေးချင်လို့.....”
ဌက်ပျောပင်ခွါနေသော ကိုဝင်းမြင့် က လှည့်ကြည့်၍
“မေးပါဗျ.....စကားခံနေရသေးတယ်......”
“ဘုရားသုံးဆူမှာ အမေရိကန်လေယာဉ်မှုးဟောင်း
ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါးရှိတယ်ဆို...
ဘယ်မှာ သီတင်းသုံးလဲဗျ...”
“သြော်.....အမေရိကန်ဆရာတော်ကိုပြောတာလား...”
“ဟုတ်တယ်.....ဟုတ်တယ်ဗျ...ကျွန်တော်ဖူးချင်လို့.....”
်
“ပြောပြပါ့မယ်ဗျာ...စားသောက်ပြီးတော့
လူနာနားမှာထိုင်ရင်း စကားပြောကြတာပေါ့.....”
ဘာတတ်နိုင်ပါဦးမည်နည်း။ စောင့်ဆိုလဲစောင့်ရတော့မပေါ့ ။
-------------------------------------------------------------------
ကိုဝင်းမြင့်၏ ဌက်ပျောအူနုနှင့် ကြက်ဥဟင်းကတော့ ငတ်နေလို့လား
မသိ ..အလွန်အရသာရှိလှပေသည်။ ပထမဆုံးအကြိမ်စားဖူးခြင်းပင်။
ထမင်းစားပြီးနောက် လူနာ ဦးဇင်းကို ဆေးတိုက်၍ ဆေးပုလင်းကို
သေခြာစွာကြိုးနှင့်ချည်၍ ချိတ်နေသော ကိုဝင်းမြင့်ကို သူ
ငေးကြည့်နေမိသည်။ ညင်သာစွာအပ်ထိုးထည့်ပုံ
ကျွမ်းကျင်စွာစေတနာနှင့် လုပ်ဆောင်နေပုံများက
ကြည်နူးစရာပင်ဖြစ်၏။
“ကဲ.....ဆရာသမား...ပြောတော့လေဗျာ...”
သူ စိတ်မရှည်စွာဖြင့် လောဆော်မိ၏။
“ဒီလိုဗျ ဆရာတော်က ဘုရားသုံးဆူမှာဆိုပေမဲ့ ရွာနားမှာ
ကျောင်းဆောက်ပြီးနေတာမဟုတ်ဘူး။ ရွာသားတွေရော
ကျွန်တော်တို့ရော ကျောင်းဆောက်ပေးမယ်ဆိုတာလဲ
မနေဘူး။ အဲဒါ မနီးမဝေးတောထဲက ဂူ ထဲမှာ
သီတင်းသုံးတယ်...”
“ဟ...ဒါဆိုရင် အာရုံဆွမ်း ဘယ်လိုလုပ်မလဲ ခင်ဗျားတို့
ဒါမှမဟုတ် ရွာသားတွေ သွားကပ်လား...”
“မဟုတ်ဘူးဗျို့ ..ဆရာတော်က တနေ့မှာတခါ နေ့ဆွမ်းပဲ
ဘုန်းပေးတယ်..ကျန်တဲ့အချိန် ရေပဲသောက်တယ်။
နံနက်တိုင်းဆွမ်းခံထွက်တယ်..ဆွမ်းခွက်လည်းမထားဘူး
ဆွမ်းနဲ့ ဆွမ်းဟင်းကို သပိတ်ထဲ ရောလောင်းရတယ် ပြီးတော့
သပိတ်ပြည့်တာနဲ့ ရှေ့ဆက်အလှုမခံတော့ဘူး ပြန်ကြွသွားတယ်
ဆွမ်းဘုန်းပေးရင်လည်း သပိတ်ထဲကရှိသမျှ ဆွမ်းနဲ့ဆွမ်းဟင်း
တွေကို ရောမွှေပြီး သတ္တဝါတွေကို မေတ္တာပို့ပြီးမှဘုန်းပေးတယ်
ကျန်တဲ့ ဆွမ်းနဲ့ဆွမ်းဟင်းတွေကို ဂူ အနီးက တိရိစ္ဆာန်တွေကို
ကျွေးတယ်ဗျ.....”
“ကျောင်းသားတွေကတော့ မကြာခဏပါပဲ ဆရာတော့်ဂူ
ဆီသွားပြီး သန့်ရှင်းရေးလုပ်ပေး သောက်ရေ(ရေကျက်အေး)
သွားကပ်လုပ်ကြပါတယ်။ အဲဒီ ဆရာတော်က
ကျောင်းသားတွေနဲ့တော့ တော်တော်အဆင်ပြေတယ်ဗျ...”
“ဘုရားသုံးဆူကို မဆလ စစ်တပ် မသိမ်းခင်က ဆရာတော်က
လာပြီးပြောတယ်ဗျ အန္တရာယ်ရှိတယ် ဒီနေရာက
အမြန်ခွါကြပါလို့ လာသတိပေးတယ်။ ဆရာတော်ပြောပြီး
မကြာပါဘူး မဆလ တပ် ဘုရားသုံးဆူကို တက်ထိုးတော့တာပဲ”
စကားခဏရပ်ပြီး ကိုဝင်းမြင့်က ဆေးလိပ်သောက်နေပြန်သည်။
“နေပါဦးဗျ...ဒါဆို အဲဒီဆရာတော်ဘယ်ရောက်သွားလဲ”
“ကျွန်တော်တို့ ထင်တာတော့ ဒီနားတဝိုက်မှာပဲ ရှိလိမ့်
မယ်ဗျ...ခင်ဗျား...ကံကောင်းရင်တော့...ဖူးရမှာပေါ့ဗျာ
ကဲ...ကျွန်တော်လဲအိပ်တော့မယ်...ဗျို့...”
( မြိတ်မြို့သား ဆေးမှုး ကိုဝင်းမြင့် သည် တော်လှန်ရေး
တာဝန်များထမ်းဆောင်ရင်း သူရဲကောင်းပြီသစွာ.....
ကျဆုံးသွားခဲ့ပါသည်ဟု သူ၏အရင်းနှီးဆုံးသူငယ်ချင်းမှ
ပြောပြချက်အရသိရှိခဲ့ရပါသည်။)
( သူရဲကောင်းကိုဝင်းမြင့် ကောင်းရာသုဂတိလားပါစေဗျာ)
ကိုခိုင်
၅-၃-၂၀၁၀