ထာဝရဂုဏ်ယူနေမည်
ကိုခိုင်
“ဂျောက်” ကနဲ
“ဂျောက်”ကနဲ ...ကျနေတဲ့ပုတီးလုံးတွေနဲ့အပြိုင်
“ပေါက်”ကနဲ
“ပေါက်”ကနဲ ...ကျနေတဲ့မျက်ရည်စီးတွေနဲ့အတူ
သောက..တွေပါ
မြောပါသွားစေချင်ပြီ ...။
ဒီမှာတော့ ...
မိုးမလုံတာကတမှောင့်
တဒေါင့်ကတော့လေမလုံ ...
စောင့်ကြောင့်ထိုင်တွေးပေမဲ့
မနက်ဖြန်အရေးကရော့တိရော့ရဲ
ပျော့တိပျော့ပြဲထမင်းကိုရေထိုးလို့
ဈေးဖိုးအပိုမကျရအောင်ဆားခပ်လို့သောက်လိုက်တယ် ။
ဟိုမှာရော ...
“အသက်” စားတဲ့ ...
“ဌက်ဖျား” ဆိုတာကြီးများတက်နေပြီလား ...။
“ကျောက်ခဲ” လိုမာပြီး
“လောက်” “သဲ” တွေပါတဲ့ထမင်းကို ...
တိတ်ဆိတ်စွာနဲ့
ကြိတ်မှိတ်မြိုချနေရပြီလား ...။
အပြစ်ပြောမေးတဲ့ ...
စစ်ကြောရေးမှာရော
ထု..ရိုက်..ကန်ကြောက်ခံနေရပြီလား ...။
“လား” ပေါင်းများစွာက
“သား” ပေါင်းများစွာအတွက်ပူပန်လို့ ...။
“ဆွေး” မသွားသေးတဲ့
( ည...အိပ်ရာဝင်)
“တေး” သွားလေးတွေတော့မဟုတ်ပေဘူး ...။
အတွေးများ..သစ်လာချိန်မှာတော့ ...
အငေး ..သမားမဖြစ်နိုင်တော့ဘူးဆိုတာသေခြာနေပါပေါ့ ...။
အို ...
ဘာပဲဖြစ်ဖြစ်
မနက်ကျရင်..ထမင်းအိုးပေါင်
သားတော်မောင်ကို
ထောင်ဝင်စာသွားတွေ့လိုက်ဦးမယ် ... ။ ။
(နိုင်ငံရေးအကျဉ်းသားများ၏မိသားစုများအားဦးညွှတ်လျှက်...)
ကိုခိုင်
၁၉-၁၀-၁၀
၁၉း၀၀