ပြင်ဆင်ရမည့်စာမျက်နှာများ

ပြင်ဆင်ရမည့်စာမျက်နှာများ

ကိုခိုင်

ဟော ...
အထုပ်တထုပ်
“ဘုတ်ကနဲ”  ပြုတ်ကျလာပြန်ပါရောလား ... ။

အမောင်တွေကြားမှာ ...
ရွက်လိုရွက်
ထမ်းလိုထမ်း
ခါးတစ်ခွင်သူလည်းရှိရဲ့
တချို့ကြ
အရိပ်အခြေကြည့်ပြီး
ဘေးနားမှာအသာချလို့ ... ။

အရည်ပျော်ကျနေတဲ့
ရုပ်ဝတ္တုတွေအနားမှာတော့
သစ္စာတရားဆိုတာ
“ ချိုသလား ၊ ခါးသလား ”
“ အားလုံးကောင်းပါသည်ခင်ဗျား ” တဲ့လား ။

“ ဘယ်ပေါင် ၊ ညာပေါင် ” ပုတ်ပြီး
အတက်အဆင်းလုပ်ရမဲ့ခေတ်မဟုတ်တာလည်း
သတိရစေချင် ။

အဝန်းအဝိုင်းကျဉ်းလေးထဲ
အပြန်အလှန်ထိုးနေတဲ့လက်ညှိုးတွေအနား
ဆုတ်ဖြဲရမဲ့မျက်နှာဖုံးတွေက
လှောင်ပြောင်နေကြ ။

အဖြူထဲကနေခွဲထွက်သွားတဲ့
အရောင်တွေ ...
လူတွေ ...
သက်တန့်တွေအလား ... ။

ခုချိန်ထိ
“ ဘာလဲ ၊ ဘယ်လဲ ” ဆိုတာ
အပ်ကြောင်းထပ်အောင်အဖန်ဖန်ဖွင့်ခဲ့ကြပေမဲ့
ခေတ်ပေါ်ဓါတ်ပြားတွေထက်
ရောင်းကောင်းနေဆဲ ... ။

မြင့်မားလာတဲ့နောင်တတွေ
ဒါမှမဟုတ် ...
ပျိုမြစ်မှုတွေတိုက်စားခံရလို့
ငိုညစ်နေကြတုံးလား ... ။

ဟေ့ .....
မြင်ကြလား ...
လက်ပိုက်ပြီးကြည့်နေကြတဲ့
အာဇာနည်တွေရဲ့ဝိညာဉ်တွေ ...
မေးဆတ်လို့ပြနေကြတဲ့
သံတိုင်နောက်ကသူရဲကောင်းတွေကို ... ။

ကဲ ...
စဉ်းစားကြပါဦး
နိုဝင်ဘာရဲ့စာမျက်နှာတွေကို
ဘယ်လိုဖတ်ဖို့ပြင်ဆင်ထားကြမလဲ ။

ဖရောင်းတိုင်မီးနဲ့
သံမဏိကိုမြှိုက်နေတယ်လို့
ထင်နေကြသလား ။

အက်စ်ကီးမိုးတွေကို
“ရေခဲ” ရအောင်ရောင်းနိုင်ခဲ့ရင်
မီးပုံရှို့နိုင်တဲ့
“ရေခဲ” တွေလည်းတွေ့နိုင်ရမယ် ။           ။


ကိုခိုင်
၁၆-၀၈-၂၀၁၀
၁၅း၄၀

နှလုံးသားထဲကအရေးတော်ပုံ















နှလုံးသားထဲကအရေးတော်ပုံ

ကိုခိုင်

၈.၈.၈၈
ဟိန်းထွက်နေတဲ့
ကြွေးကြော်သံတွေအထက်က
တလူလူလွင့်နေတဲ့ခွပ်ဒေါင်းအလံတွေ
နိုင်ငံအနှံ့ပြန့်လွင့်လို့နေချိန်
စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံ
တပြည်လုံးညံလို့ ...  ။

အဖိုးအဖွါးတွေတရားမမှတ်နိုင်တော့ဘူး ...
အိမ်ရှင်မတွေဈေးမဝယ်နိုင်တော့ဘူး ...
ရဟန်း
ကျောင်းသား
အလုပ်သမား
လယ်သမား
ကာယ၊ဥာဏ
အကုန်လုံး ...
အားလုံး ...
တနိုင်ငံလုံး ...
ခွပ်ဒေါင်းအလံတော်အောက်မှာစုစည်းလို့ ... ။

ဆူးလေဘုရား
ဗိုလ်ချုပ်လမ်း
မြို့တော်ခန်းမရှေ့
အိုး .....
ဘယ်နေရာကြည့်ကြည့်
လူပင်လယ်ကြီး ... ။

ချီတက်လာသူတွေ ...
အားပေးသူတွေ ...
ကူညီသူတွေ ...
အံကြိတ်သူတွေ ...
မျက်ရည်ကျသူတွေ ...
အပြုံးကိုယ်စီနဲ့
တညီတည်းတသားတည်း ။

ဘယ်သူထင်ထားမှာလဲ
လူတွေအိပ်ချိန်ကျော်မှ
သူခိုးကျင့်သူခိုးကြံ
အစွယ်ထုတ်ပြလိမ့်မယ်လို့ ...
မြို့လယ်ကောင်ကသေနတ်သံ
တမြို့လုံးညံသွားတာ
ပုံပြင်တွေမှမဟုတ်ခဲ့ပဲ ။

ပြည်သူကမွေး
ပြည်သူကကျွေးခဲ့ရတာ
လူလားမြောက်လာတော့
အာဏာရှင်ကိုကာကွယ်ဖို့မှမဟုတ်တာ ... ။

နိုင်ငံသူ၊နိုင်ငံသား ...
စုတ်ဖြဲခံခဲ့ရတဲ့ကြင်နာသနားမှုဆိုတာ
လှောင်ရီနေတဲ့အာဏာရှင်တွေအနား
အမှိုက်ခြင်းထဲမှာကြေမွလို့ ... ။

ဆယ်စုနှစ်-၂-ခုတောင်ကျော်လာခဲ့ပေမဲ့
မေ့လို့ရနိုင်ပါ့မလား ...
သူရဲကောင်းတို့ရဲ့အာဇာနည်ဝိညာဉ်တွေ
ယမ်းငွေ့တွေကြားမှာအခိုးအငွေ့အဖြစ်ပြောက်လို့ရရိုးလား ...
မလှပတဲ့အိပ်မက်လမ်းကျဉ်းထဲ
နာကျဉ်းခြင်းတွေချိတ်ဆွဲ
ဦးဏှောက်ကအမာရွတ်ကိုဆေးလုပ်ဖျော်လို့
အရေးတော်ပုံကိုစုတ်ထိုးထားတဲ့နှလုံးသားနဲ့
တောက်ပမဲ့မျိုးဆက်သစ်တို့ရဲ့အနာဂါတ်အတွက်
အောင်ပွဲအလံတွေကို
မနှေးအမြန်စိုက်ဖို့လိုတယ်   ။           ။


(အရေးတော်ပုံအသီးသီးတွင်ကျဆုံးသွားကြကုန်သော
  ရဟန်း၊ကျောင်းသား၊ပြည်သူအပေါင်း
  ကောင်းရာသုဂတိလားကြပါစေ။)
( အပေါ်မှပုံကို JUSTFREEMAN BLOG မှယူပါသည်။
  ကျေးဇူးတင်ပါသည်။ )
( ဒီကဗျာကို ဟစ်တိုင် www.hittai.net မှဖော်ပြပေးခဲ့ပါသည်။
  ဟစ်တိုင်ကိုကျေးဇူးတင်ပါသည်။)

ကိုခိုင်
၈-၈-၂၀၁၀
၂၂း၄၅